ပုဏ္ဏားကျွန်း တရားခံ (၃) ဦး၏ ဝန်ခံထွက်ဆိုချက်

အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့

မှုခင်းသတင်းထုတ်ပြန်ချက် (၁၉/၂၀၂၆)

အာရက္ခပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်၍ အလောင်းဖျောက်သည့် အမှုမှ တရားခံ (၃) ဦးကို ဒီလပ် (တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ လုံခြုံရေးဌာန) ဖမ်းဆီး

-ရက်စွဲ – ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်

-အခင်းဖြစ်ပွားသည့် အချိန် – ဇူလိုင်လ (၁၈) ရက်

– အခင်းဖြစ်ပွားသည့် နေရာ – ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ရွာအနီး

၁။ သတင်းအကျဉ်း

အာရက္ခပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့က ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်၍ အလောင်းဖျောက်ခဲ့သည့် အမှုမှ ကျူးလွန်သူ တရားခံ (၃) ဦးကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့တွင် စစ်ဆေးဖော်ထုတ် ဖမ်းဆီးထားပြီး ဖြစ်သည်။

ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့၊ ညနေ (၄) နာရီ (၄၅) မိနစ်ခန့်အချိန်တွင် ပုဏ္ဏားကျွန်း မြို့နယ်၊ တန်းစွယ်-ကျော်ဇံရွာသွားလမ်းဘေးရှိ သရက်တောခြံဝင်းအတွင်း မြောင်းထဲ၌ လက်ထိပ် နောက်ပြန်ခတ်ကာ မှောက်လျက်အနေအထားဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းအား ဒေသခံအမျိုးသမီးတစ်ဦးမှ စတင်တွေ့ရှိခဲ့ပြီး ဒေသခံများမှ ဒီလပ်ဌာနသို့ သတင်းပို့လာသည်။

သတင်းပေးပို့ချက်အရ နယ်မြေဒီလပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် တိုက်နယ်မှူးများ၊ ရပ်ရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ အလောင်းတွေ့ရှိရာနေရာသို့ သွားရောက်စစ်ဆေးရာတွင် အမျိုးသမီးတစ်ဦးမှာ လက်ထိတ်နောက်ပြန်ခတ်၍ မှောက်လျက်အနေအထားဖြင့် ခန္ဓာကိုယ်ပေါ်၌ အင်္ကျီအဖြူရောင်လက်ရှည် ဝတ်ဆင်ထားကာ အောက်ပိုင်းအဝတ်အစားမရှိဘဲ အတွင်းခံဘောင်းဘီ ဘယ်ဘက်ခြေချင်းဝတ်တွင် စွပ်လျက်တွေ့ရှိရပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးပုပ်ပွနေသည်ကို တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဒီလပ်စခန်းသည် အဆိုပါအမှုအား အမှုအမှတ် (ပ) ၁၈/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ ဇူလိုင်လ (၂၃) ရက်နေ့တွင် စတင်အမှုဖွင့်ကာ အမှုမှ တရားခံများကို စုံစမ်းဖော်ထုတ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

စုံစမ်းဖော်ထုတ်ချက်အရ သေဆုံးသူအမျိုးသမီးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ရွာမှ ဇူလိုင်လ (၁၈) ရက်နေ့ကပင် ပျောက်ဆုံးနေသူ အသက်(၂၃)နှစ် အရွယ် မ ×××××××××× ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်စုံစမ်းရာတွင် အဆိုပါအမျိုးသမီးအား ယိုးတရုပ်ရွာ၊ ကျားလောင်ပွန်း ဘုန်းကြီးကျောင်းရှိ ယာယီစစ်ရှောင်စခန်းတွင် နေထိုင်သော ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးရွာမှ (အဖ) ဦးသာထွန်းစံ၏သား မောင်တင်ဝင်း (၃၇ နှစ်) ဆိုသူက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၁) နာရီ၊ မိနစ် (၃၀) အချိန်ခန့်တွင် လူမှုရေးကိစ္စရပ်တစ်ခုအတွက် အကူအညီလိုအပ်သည်ဟုဆိုကာ ခေါ်ယူသွားခဲ့ကြောင်း၊ ၎င်းနှင့်အတူ နောက်ထပ်နှစ်ဦးလည်း ပါကြောင်း သိရသဖြင့် မောင်တင်ဝင်းအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ နံနက် (၉) နာရီ၊ မိနစ် (၂၀) ခန့်အချိန်၌ ဖမ်းဆီးစစ်ဆေးခဲ့သည်။

မောင်တင်ဝင်းမှ ၎င်းအနေဖြင့် “မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်မှု”များကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံပြောဆိုပြီး ၎င်းကျူးလွန်ခဲ့သည့် မှုခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထွက်ဆိုရာတွင် “၎င်းသည် အမဲသားရောင်းချသည့် လုပ်ငန်းကို လုပ်ကိုင်သော သာမန်အရပ်သားတစ်ဦးဖြစ်ပြီး သေဆုံးသူ အမျိုးသမီးနှင့် ၂၀၂၄ ခုနှစ်ကပင် သိကျွမ်းခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၁) နာရီ၊ မိနစ် (၃၀) အချိန်၌ အဆိုပါ အမျိုးသမီးအား မုဒိမ်းကျင့်ရန် ကြိုတင်ကြံရွယ်ကာ လူမှုရေးကိစ္စအကြောင်းပြ လိမ်လည်၍ ဇေယျမဏ္ဍိုင်ဘုန်းကြီးကျောင်းအနီးမှ ဘေးတွဲဆိုင်ကယ်ဖြင့် ခေါ်ယူလာခဲ့ကြောင်း၊ ၎င်းနှင့်အတူ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းကယ်ဆယ်ရေးစခန်း၌ နေထိုင်သူများဖြစ်သည့် (အဖ) ဦးကျော်ဆန်း၏ သား မောင်အေးကျော် (ခ) မောင်ပု (၂၉ နှစ်)နှင့် (အဖ) ဦးညီညီ၏သား မောင်သန်းစိုး (ခ) ငလုံး (၂၁ နှစ်) တို့နှစ်ဦးလည်း ဘေးတွဲဆိုင်ကယ်ဖြင့် လိုက်ပါလာကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ရွာအနီး သရက်တောခြံဝင်းအတွင်း မြောင်ထဲတွင် အဆိုပါအမျိုးသမီးအား ၎င်းယခင်ကပင် သိုဝှက်သိမ်းဆည်းထားသည့် လက်ထိတ်ဖြင့် လက်ထိတ်ခတ်ကာ မျက်လုံးများကို အဝတ်စည်းထားရန် ၎င်းမှ မောင်အေးကျော်နှင့် မောင်သန်းစိုးတို့အား စေခိုင်းခဲ့ကြောင်း”၊ ယင်းသို့ လုပ်ဆောင်ခိုင်းပြီးနောက် မောင်အေးကျော်နှင့် မောင်သန်းစိုးတို့ကို အဆိုပါနေရာမှ ထွက်ခွာကာ တန်းစွယ်ရွာအနား ကားလမ်းဘေးတွင် စောင့်ဆိုင်းခိုင်းကြောင်း၊ ယင်းနောက် အမျိုးသမီးအား ၎င်း၏ကာမအလိုဆန္ဒကို ဖြည့်ဆည်းပေးရန် တောင်းဆိုရာ ခွင့်မပြုသဖြင့် ၎င်းမှ အနီးအနားရှိ ကျောက်သီးဖြင့် အမျိုးသမီး၏ ဂုတ်ဆစ်ကို (၁) ချက် ထုသတ်လိုက်ရာ အသံထွက်လာသဖြင့် ပါးစပ်ကို ဘယ်လက်ဖြင့်ပိတ်ကာ နောက်ထပ် ပါးစပ်ကို (၁)ချက်၊ မျက်နှာနှင့် ဦးခေါင်းကို (၁)ချက် ထုသတ်ပြီး ဘေးနားရှိ ကျောက်တုံးပေါ်တွင် တင်၍ (၁၀) မိနစ်ခန့်ကြာ မုဒိမ်းပြုကျင့်ခဲ့ကြောင်း၊ မုဒိမ်းကျင့်ပြီးချိန်တွင် အမျိုးသမီးမှာ အသက်မရှိတော့သဖြင့် အလောင်းကို လူများမမြင်စေရန် ရေအိုင်ထဲသို့ ဆွဲချပြီး ဝှက်ထားခဲ့ကြောင်း၊ ထို့နောက် ၎င်းသည် မောင်အေးကျော်နှင့် မောင်သန်းစိုးတို့ စောင့်ဆိုင်းနေသည့် ကားလမ်းဘေးနေရာသို့ ထွက်ခွာလာခဲ့ပြီး အားလုံးတူညီစွာ ပြန်လာခဲ့ကြသည်” ဟု ထွက်ဆိုသည်။

တရားခံ မောင်တင်ဝင်း၏ ထွက်ဆိုချက်အရ မောင်အေးကျော်နှင့် မောင်သန်းစိုးတို့ကို စစ်ဆေးရာတွင်လည်း မောင်တင်ဝင်းထွက်ဆိုသည့်အတိုင်းပင် နှစ်ဦးစလုံးမှ ထွက်ဆိုခဲ့ကြသဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၉) နာရီခန့်အချိန်တွင် တရားခံများအား အမှုနှင့်ဖမ်းဆီး၍ ချုပ်ရမန်ရယူခြင်း၊ အမှုမှ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်း၊ ကျန်ရှိသည့်လုပ်ငန်းများအား ပြည့်စုံခိုင်မာစွာ တည်ဆောက်ပြီး ဥပဒေအကြံပြုချက်နှင့်အညီ အမြန်ဆုံး တရားစွဲတင်သွားမည် ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *