တောင်ဒဂုံမှာ ပေါ်တာပါသွားတဲ့ ဒလီသမားလေး မောင်ဝေယံ အတွက်

ဝေယံရေ မင်း ပေါ်တာ ပါသွားတယ်လို့ ကြားရကတည်းက ငါ စိတ်မကောင်းဘူးကွာ။ ငါတို့ တောင်ဒဂုံ ဒလီဂရုထဲမှာ မင်းက သဘောအကောင်းဆုံးလို့ အားလုံးက သတ်မှတ်ထားကြတာလေ။

တောင်ဒဂုံမြို့နယ်ထဲ ဘယ်ပစ္စည်း ယူယူ ပို့ပို့ အခုထိ ၁၀၀၀၊ ၁၅၀၀ ပဲ ယူလို့ ငါတို့ကတောင် မင်းကို ဈေးဖျက်တဲ့ကောင်ဆိုပြီး ဝိုင်းပြောကြသေးတယ်လေကွာ။

မင်းက မင်းထုံးစံအတိုင်း မထုံတက်သေးစတိုင်နဲ့ ဘာမှ မပြောဘဲ စက်ဘီးအစုတ်လေးကိုပဲ ဖိနင်းနေခဲ့တာ၊ မင်းပါသွားတော့ မင်းနဲ့ ပစ္စည်း အပို့အယူ လုပ်နေကြ အစ်မကြီးတွေ တော်တော် ဝမ်းနည်းနေကြတယ်။

မင်းကတော့ မင်းစတိုင်အတိုင်း ဘာမှ မပူနဲ့ ပြောနေပေမယ့် အားလုံးရဲ့ ရင်ထဲမှာတော့ စိုးရိမ်နေကြတယ်ကွ။

ဘာလို့လဲဆိုတော့ ပေါ်တာထဲ ရောက်သွားရင် အသက်ရှင်ပြန်လာဖို့က ၁၀၀ မှာ ၁ ယောက်တောင် မလွယ်တဲ့ အခြေအနေ ဖြစ်နေလို့ပဲ။ ဒါတွေ မင်းသိပါတယ်။

ပေါ်တာတွေ စဆွဲတော့ မင်းကို သတိပေးတုန်းကတောင် ဒီအလုပ်မှ မလုပ်ရရင် မိသားစုကို ဘယ်လို ထောက်ပံ့မလဲတဲ့ မင်းပြန်ပြောခဲ့သေးတာပဲ။

မင်းဘဝထက် နယ်က မင်းမိသားစုကို ပိုအလေးပေးတဲ့ မင်းကို ငါတို့ လေးစားတယ်ကွာ။ မင်းအခု ပါသွားတာလည်း မဲပေါက်တာ မဟုတ်ဘူး၊ စာရင်းထဲ ပါတာ မဟုတ်ဘူး၊ အဆောင်ပိုင်ရှင်နဲ့ အုပ်ကြီး ပေါင်းပြီး တခြားလူတယောက် နေရာမှာ မင်းကို အစားထိုးထည့်တာတဲ့ကွာ။

အုပ်ကြီးက တခြားလူဆီက သိန်း ၅၀ လောက်ရပြီး မင်းကို ပို့လိုက်ရင် နောက်ထပ် သိန်း ၇၀ လောက် ထပ်ရဦးမှာတဲ့။ အုပ်ကြီးတွေ အတွက်တော့ မင်းတို့လို လူမျိုးတွေဟာ ရွှေဥ ဥပေးတဲ့ ငန်းထက် ပိုတန်ဖိုး ရှိတယ်ကွ။

မင်းပါသွားတော့ မင်းကို ချစ်တဲ့ခင်တဲ့သူတွေ စုပြီး လိုက်ကယ်မလို့ လုပ်ကြသေးတယ်။

မင်းက စုဆောင်းရေးထဲ ချက်ချင်း ရောက်သွားတာဖြစ်လို့ သိန်း ရာဂဏန်း ပေးရင်တောင် မရတော့ဘူးတဲ့။

အရာရာနှေးကွေးတဲ့ နိုင်ငံမှာ ဒီကိစ္စကတော့ အရမ်းမြန်တယ် သူငယ်ချင်း၊ ညနေ ၆ နာရီခွဲ အဆောင်မှာ ရေချိုးနေတုန်း အုပ်ကြီးက လာခဲ့ပါဦး အခေါ်ခံရတဲ့ မင်းဟာ မနက် ၉ နာရီလောက်မှာ စုဆောင်းရေးထဲ ရောက်သွားတယ်ဆိုတဲ့ အဖြစ်ဟာ မြန်မာပြည်မှာတော့ ထူးပေမယ့် မဆန်းတော့တဲ့ အဖြစ်တခုပါပဲ ဝေယံရေ။

အခု ကိစ္စမှာ မင်းဖက်က အကြီးအကျယ်မှားနေတာ (၂) ချက် ရှိတယ် ဝေယံရေ၊ ပထမအချက်က မြန်မာပြည်မှာ လူလာဖြစ်တာ၊ ဒုတိယအချက်က ဆင်းရဲလွန်းတဲ့ အခြေခံလူတန်းစား ဖြစ်နေတာပဲကွ။

ရပ်ကွက်ထဲမှာ မင်းနဲ့ သက်တူရွယ်တူ လူငယ်တွေ ရှိတယ်။ ဒါပေမယ့် သူတို့ ပေါ်တာ မပါဘူး။

သူတို့ မိဘတွေက အုပ်ကြီးကို လိုင်းကြေးပေးပြီး သူတို့ကို နိုင်ငံခြား ပို့လိုက်ကြတယ်။

နိုင်ငံခြား မပြောနဲ့ ဒလဖက်ကမ်းတောင် မသွားနိုင်တဲ့ မင်းပဲ ပါသွားတာကွ။

ဇာတ်မင်းသားတွေ၊ ရုပ်ရှင်မင်းသားတွေ၊ ရေပေါ်ဆီတွေ၊ လူကြီးသားသမီးတွေ ဘယ်သူပေါ်တာ ပါသွားလဲ မင်းကြားဖူးလား ဝေယံ၊ အေး မင်းလည်း မကြားဖူးဘူး။ ငါလည်း ဒီနေ့ အထိ မကြားဖူးဘူး။ မင်းတို့ ငါတို့လို ကျောမွဲ အခြေခံလူတန်းစား အောက်ဆုံး အလွှာက လူတွေပဲ ပါသွားကြတာကွ။

ဆင်းရဲရင် မြန်မာပြည်မှာ နေလို့ မကောင်းဘူးဆိုတာ မင်းအဖြစ်က သက်သေပြနေတာပဲ ဝေယံရေ၊ အဲဒါကြောင့်လည်း မြန်မာပြည်မှာ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ချမ်းသာဖို့ အရေးကြီးတယ်ဆိုပြီး ဖြစ်နေကြတာကိုး၊ လက်ထဲမှာ အာဏာနဲ့ ပိုက်ဆံ ရှိလို့ကတော့ လူယုတ်မာကြီး ဖြစ်နေလည်း “ဟုတ်ကဲ့ အဘ၊ မှန်တယ် ဆရာ၊ တင်ပါ့ ဘုရား” လို့ ဝိုင်းမြှောက်ကြတာပါပဲကွာ။

ငါ ဒါတွေ ဘယ်လောက် ပြောပြော တချို့ကတော့ မစဉ်းစားနိုင်ကြတော့ဘူးကွာ၊ တလုတ်တဆုတ် တကျပ်တပြား အစွန်အဖျား စားနေရတော့ မြန်မာပြည်ကြီးက အရမ်းနေလို့ ကောင်းပါတယ်ဆိုတဲ့ ပုံစံမျိုး ဇွတ်လုပ်နေကြတဲ့သူတွေကို သိပ်ပြောလည်း မထူးတော့ပါဘူးကွာ။

ဝေယံရေ မင်းရှေ့တန်း ရောက်ပြီး အသက်ရှင်လို့ တောင်ဒဂုံကို ပြန်လာခဲ့ရင် ငါ့ကို ဆက်သွယ်ပါကွာ၊ ငါ တောင်ဒဂုံကို အရောက် ပြန်လာပြီး ဘုန်းကြီးကျောင်းကွေ့နားက မင်းစားချင်တဲ့ ထမင်းဆိုင်မှာ ငါ အဝကျွေးပါမယ်ကွာ။

အခုတော့ ငါလည်း တောင်ဒဂုံကနေ လစ်တော့မယ်။

ငါတို့နဲ့ ဘဝတူ တခြား ဒလီသမားတွေလည်း လစ်ကြတော့မယ်တဲ့။ တောင်ဒဂုံထဲက အွန်လိုင်းရှော့ပင်း လုပ်တဲ့ အစ်မကြီးတွေတော့ ဒလီသမားတွေ ရှားကုန်ကြတော့မှာပဲ။

မတတ်နိုင်ဘူးလေ။ အသက်အန္တရာယ်နဲ့ ကြုံလာတော့လည်း အလုပ်ဆိုတာ နောက်ရောက်သွားတာပဲပေါ့။

ဘာပဲ ဖြစ်ဖြစ်ပါကွာ၊ ကံမကုန်သေးရင်တော့ ပြန်ဆုံကြသေးတာပေါ့ ဝေယံရေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *