ရေဘေးကူညီဖို့သွားရင်း မျှော်လင့်မထားဘဲ ကြုံလိုက်ရတဲ့ အဖြစ်ဆိုး

အလှူရှင်များ အထူးသတိပြုရန်

လေးမျက်နှာမြို့နယ်က ရေဘေးသင့်ပြည်သူတွေဆီကို စေတနာအပြည့်နဲ့ သွားရောက်လှူဒါန်းကြတဲ့ အလှူရှင်တွေရဲ့ ကားတစ်စီးဟာ အိုင်သပြုလာရာ နိဗ္ဗာန်ရွာနဲ့ ခမောက်စုရွာကြားမှာ မျှော်လင့်မထားဘဲ တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဒီစိတ်မကောင်းစရာ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူ (၈) ဦးခန့်ရှိခဲ့ပြီး ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့တွေက မြေပြင်မှာတင် အရေးပေါ်ပြုစုပေးကာ ဒေသခံအဖွဲ့တွေကတစ်ဆင့် ဆေးရုံကို အမြန်ဆုံးပို့ဆောင်ပေးထားရပါတယ်။

ဒီဖြစ်ရပ်လေးကနေတစ်ဆင့် အလှူရှင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အထူးသတိပေးချင်တာက “မလောပါနဲ့၊ ဂရုစိုက်ပြီး ဖြည်းဖြည်းသာ သွားကြပါ” ဆိုတာပါပဲ။

အခုဖြစ်ပေါ်နေတဲ့ ရေဘေးအခြေအနေဟာ တောင်ကျရေလိုမျိုး မိုးနဲ့လေနဲ့ ရုတ်တရက် အဟုန်ပြင်းပြင်း ဝင်လာပြီး မရှုနိုင်မကယ်နိုင်ဖြစ်ရတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။

တာရိုးကျိုးပြီးမှ ရေတွေက တရိပ်ရိပ်နဲ့ တဖြည်းဖြည်းချင်း အနိမ့်ပိုင်းရွာတွေကို ဖြန့်ကျက်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြေပြင်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေ အပါအဝင် တစ်နိုင်ငံလုံးက ပရဟိတ ကယ်ဆယ်ရေးအဖွဲ့တွေ အင်တိုက်အားတိုက် ရောက်ရှိနေကြပြီဖြစ်လို့ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးအပိုင်းမှာ အခြေအနေကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပါတယ်။

ဒါကြောင့် အလှူရှင်တွေအနေနဲ့ အလောတကြီး သွားရောက်ဖို့ မလိုအပ်ပါဘူး။ အေးအေးဆေးဆေး အချိန်ယူပြီး လှူဒါန်းနိုင်ပါတယ်။

ဒီရေဘေးက အချိန်ယူပြီး ကုစားရမယ့် အခြေအနေဖြစ်လို့ နောက်ပိုင်း ရေကျသွားတဲ့အချိန်မှာလည်း ပြန်လည်ထူထောင်ရေးအတွက် ကူညီပံ့ပိုးစရာတွေ အများကြီး လိုအပ်ဦးမှာပါ။

ရှေ့တန်းက ကယ်ဆယ်ရေးသမားတွေရော၊ နောက်တန်းက ထောက်ပံ့လှူဒါန်းသူတွေပါ ရေရှည်အတွက် အားမလျော့သွားအောင် ဂရုတစိုက်နဲ့ ဘေးကင်းကင်း သွားလာကြဖို့ အထူးပဲ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *