စေတနာနဲ့ လာလှူတာကို ဒီလိုကြီး လုပ်ရက်လေသလား…

လှိုင်သာယာကိုကြီး ဖွင့်ချလိုက်တဲ့ ရင်နာစရာဖြစ်ရပ် သူကတော့ ထမင်းဘူးအလှူလုံးဝလက်မခံတော့ဘူးတဲ့

စေတနာနဲ့ ချက်ပြုတ်လှူဒါန်းနေကြတဲ့ အလှူရှင်တွေအတွက် တကယ်ကို သိထားသင့်တဲ့ မြေပြင်က အခြေအနေမှန်တစ်ခုကို နာမည်ကြီး ပရဟိတသမားတစ်ဦးဖြစ်တဲ့ “လှိုင်သာယာကိုကြီး” က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ရင်ဖွင့်ပြောဆိုလာပါတယ်။

လက်ရှိ ရေဘေးကူညီကယ်ဆယ်ရေးတွေမှာ အစားအသောက် အခက်အခဲဖြစ်နေတယ်ဆိုပြီး အလှူရှင်တွေက သိန်းနဲ့ချီ အကုန်ကျခံ၊ တစ်ညလုံးမအိပ်ဘဲ ပင်ပင်ပန်းပန်း ချက်ပြုတ်ပြီး ထမင်းဘူးတွေ သွားရောက်လှူဒါန်းနေကြပေမယ့် တကယ့်မြေပြင်မှာတော့ ထမင်းဘူးတွေဟာ လိုအပ်ချက်ထက် ပိုလျှံနေပြီး တန်ဖိုးမဲ့သလို ဖြစ်နေရတယ်လို့ ဆိုပါတယ်။

လူ ၁၀၀ လောက်ရှိတဲ့ နေရာမှာ ထမင်းဘူးက ၃၀၀ လောက် ရောက်နေပြီး ပုံသုဉ်းကာ ပိုလျှံနေတဲ့အထိ ဖြစ်နေတာပါ။

အဆိုးဆုံးကတော့ လှိုင်သာယာကိုကြီးကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။

ထမင်းဘူးတွေ လှူဒါန်းဖို့အတွက် စက်လှေကို ခက်ခက်ခဲခဲရှာဖွေပြီး နာမည်ကြီးရွာတစ်ရွာကို သွားရောက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

လမ်းမသိတဲ့အတွက် ရွာကလူတွေကို လမ်းလာပြပေးဖို့ အကူအညီတောင်းခဲ့ပေမယ့် နေ့လယ် ၁၂ နာရီခွဲကျော်တဲ့အထိ ဘယ်သူမှ လာမခေါ်တဲ့အပြင် “အားတဲ့လူ မရှိလို့ အဆင်မပြေရင် တခြားမြို့ရွာကိုသာ လှူလိုက်ပါ” ဆိုတဲ့ စိတ်ပျက်ဖွယ် တုံ့ပြန်မှုကိုသာ ရရှိခဲ့ပါတယ်။

အလှူရှင်တွေ ပင်ပင်ပန်းပန်း ချက်ပြုတ်လာတဲ့ ထမင်းတွေ အချိန်ကြာလို့ သိုးသွားနိုင်တဲ့ အခြေအနေမှာ အခုလို တာဝန်မဲ့တဲ့ စကားမျိုး ကြားလိုက်ရတဲ့အတွက် လှိုင်သာယာကိုကြီးအနေနဲ့ အတော်လေးကို စိတ်မကောင်းဖြစ်ကာ ဒေါသထွက်ခဲ့ရတာပါ။

“စောစောကတည်းက မလိုချင်ဘူးဆိုတာ ပြောရင် အလှူရှင်တွေ ဒီလောက် ပင်ပန်းမှာ မဟုတ်ဘူး” လို့လည်း သူက ထောက်ပြထားပါတယ်။

ရွာနာမည်ကိုတော့ အလှူရှင်တွေ စေတနာပျက်ပြီး တခြားလိုအပ်နေသူတွေပါ နစ်နာသွားမှာစိုးလို့ အောင့်အည်းပြီး ထည့်မပြောတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် သူ့အနေနဲ့ နောက်နောင် သူ့ထံကို ချိတ်ဆက်လာရောက်လှူဒါန်းမယ့် အလှူရှင်တွေအနေနဲ့ ထမင်းဘူးများကို လုံးဝ (လုံးဝ) လက်ခံတော့မည် မဟုတ်ကြောင်း ပြတ်ပြတ်သားသား အသိပေးထားပါတယ်။

တကယ်လို့ လှူဒါန်းချင်တယ်ဆိုရင်တော့ အဝတ်အစား၊ မုန့်ခြောက်၊ ကိတ်မုန့် စတာတွေက ပိုပြီး အဆင်ပြေနိုင်သလို၊ ရေဘေးသင့်ပြည်သူတွေ အမှန်တကယ် အလိုအပ်ဆုံးနဲ့ အသုံးအဝင်ဆုံးကတော့ ငွေကြေးလှူဒါန်းခြင်း သာဖြစ်တယ်လို့ အကြံပြု တိုက်တွန်းထားပါတယ်။

စေတနာရှင်တွေရဲ့ အလှူငွေနဲ့ လုပ်အားတွေ အလဟဿ မဖြစ်ရလေအောင် မြေပြင်က အမှန်တကယ် လိုအပ်ချက်တွေကို သေချာလေ့လာပြီးမှ လှူဒါန်းကြဖို့ အားလုံးကို သတိပေးနှိုးဆော်လိုက်ရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *