ဆိုင်ကယ်အတူစီးလာရင်း G-8 ကျောင်းသားကို G-12 ကျောင်းသားက ဓားနဲ့ အချက်ပေါင်းများစွာ ထိုး

ဆိုင်ကယ်အတူစီးလာရင်း G-8 ကျောင်းသားကို G-12 ကျောင်းသားက ဓားနဲ့ အချက်ပေါင်းများစွာ ထိုးပြီး ထွက်ပြေးလွှတ်မြောက်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျောင်းမုန့်စားလွှတ်ချိန် အိမ်ပြန်တဲ့ Grade-8 ကျောင်းသားကို ဆိုင်ကယ်အတူစီးလာတဲ့ Grade-12 ကျောင်းသားက နောက်ကနေဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တဲ့ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၄ ရက်နေ့ နေ့လယ် ၁ နာရီခန့်က မြစ်ကြီးနားမြို့နယ်၊ ကျွန်းပင်သာရပ်ကွက်မှာ အ.လ.က(၈)မှ Grade-8 ကျောင်းသားကို ဇီးလွန်ကျောင်းမှ Grade-12 ကျောင်းသားက ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့တာလို့ သိရပြီး ကျူးလွန်ခဲ့တဲ့ကျောင်းသား ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။

“သူတို့နှစ်ယောက်က ဆိုင်ကယ်အတူစီးလာတာ၊ အဲဒါကို နောက်ကနေ ဓားနဲ့ထိုးတာ၊ ဘာကြောင့်ရယ်တော့ မသိဘူး၊ ဆိုင်ကယ်လုတာလည်း မဟုတ်ဘူး၊ ဆိုင်ကယ်က ဆေးရုံထိပါလာတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဓားနဲ့ အထိုးခံခဲ့ရတဲ့ Grade-8 ကျောင်းသားဟာ ဦးခါင်း၊ ဂုတ်၊ လက်မောင်း၊ လက်ဖျန်၊ ပါးနဲ့ ဝမ်းဗိုက်တို့မှာ ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့ပြီး သွေးထွက်လွန်နေတာကြောင့် စိုးရိမ်ရတယ်လို့ သိရပါတယ်။

“လက်ဖျံက ဓားရာတွေနဲ့ ပါးကဒဏ်ရာက အတော်နက်တယ်၊ ဗိုက်ကိုတော့ မကြည့်လိုက်ရဘူး” လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

ပြစ်မှုကျူးလွန်သူ ဇီးလွန်ကျောင်းက Grade-12 ကျောင်းသားကိုတော့ လိုက်လံရှာဖွေနေဆဲဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အခြေခံပညာကျောင်းတွေမှာ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားမှုတွေ ပိုမိုများပြားလာနေပြီး တုတ်၊ ဓား၊ လက်နက်တွေသုံးကာ ရိုက်နှက်မှုတွေ တနေ့ထက်တနေ့ ပိုများလာတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *