ပိုက်ဆံပေးတာကို လုံးဝမယူဘဲ ထွက်ပြေးသွားတဲ့ စက်လှေဦးကြီးများ

လေးစားဖို့ကောင်းတဲ့ ဧရာဝတီတိုင်းသားတွေရဲ့ စိတ်ဓာတ်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်က ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်လှူဒါန်းတဲ့ ခရီးစဉ်မှာ လူတိုင်းရဲ့ ရင်ကို နွေးထွေးသွားစေမယ့် ကြည်နူးဖွယ်ရာ မြင်ကွင်းလေးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

အလှူရှင်တွေက လှူဒါန်းပြီး အပြန်ခရီးမှာ သူတို့ကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ စက်လှေသမား ဦးကြီးတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ မုန့်ဖိုးသဘော ငွေကြေးပေးအပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါပေမဲ့ မမျှော်လင့်ထားတဲ့ တုံ့ပြန်မှုတစ်ခုကို ရရှိခဲ့ပါတယ်။ စက်လှေဦးကြီးတွေက “ကျွန်တော်တို့လည်း နိုင်သလောက် ပရဟိတသဘောနဲ့ လာကူတာပါ၊ ပိုက်ဆံ လုံးဝ (လုံးဝ) မယူပါရစေနဲ့” ဆိုပြီး ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ကြပါတယ်။

အလှူရှင်တွေဘက်ကလည်း စေတနာနဲ့ အတင်းပေးဖို့ ကြိုးစားချိန်မှာတော့ တချို့စက်လှေသမားတွေဟာ ငွေမယူချင်လွန်းလို့ ထွက်ပြေးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ အနီးနားက ခင်မင်သူတွေကသာ ဆီဖိုးသဘောမျိုး ကြားဝင်ပြီး လက်ခံပေးလိုက်ရတဲ့ အခြေအနေပါ။

ဒီဗီဒီယိုလေး လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့အခါမှာတော့ အားလုံးက စိတ်ဝင်တစားနဲ့ မှတ်ချက်တွေ ပေးလာကြပါတယ်။

တချို့ကတော့ အလှူရှင်တွေဘက်က ကင်မရာနဲ့ အနီးကပ်ရိုက်ကူးနေတဲ့အတွက် ရိုးသားဖြူစင်တဲ့ ဧရာဝတီတိုင်းသားတွေ ရှက်ရွံ့ပြီး မယူချင်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

တချို့ကလည်း ဒီစက်လှေဦးကြီးတွေဟာ ကိုယ်တိုင်က လယ်ပိုင်ယာပိုင်တွေဖြစ်ပြီး အကျိုးအမြတ် တစ်စုံတစ်ရာကိုမှ မျှော်ကိုးမနေဘဲ ဖြူစင်တဲ့ ပရဟိတစိတ်ဓာတ် အပြည့်နဲ့ လာရောက်ကူညီပေးကြတာလို့ မှတ်ချက်ပေးထားကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရေဘေးသင့်ပြည်သူတွေကို လာရောက်ကူညီတဲ့ အလှူရှင်တွေရဲ့ စေတနာကိုရော၊ ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး ရိုးသားဖြူစင်တဲ့ ဧရာဝတီတိုင်းက စက်လှေဦးကြီးတွေရဲ့ စိတ်ဓာတ်ကိုပါ အားလုံးက လေးစားဂုဏ်ပြုနေကြပါတယ်။

တကယ့်ကို ပီတိဖြစ်စရာကောင်းတဲ့ မြေပြင်က အဖြစ်အပျက်လေးတစ်ခုပဲ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *