ထောက်ခံစာမပါလို့ အသက်ကယ်မယ့်ကားကို ဆီမရောင်းပေးတဲ့ အဖြစ်

ထောက်ခံစာမပါလို့ အသက်ကယ်မယ့်ကားကို ဆီမရောင်းပေးတဲ့ အဖြစ် (လှိုင်သာယာကိုကြီး စိတ်မကောင်းစွာ ရင်ဖွင့်လာပြီ)

ရေဘေးသင့်ပြည်သူတွေအတွက် နေ့မအားညမနား ကူညီပေးနေတဲ့ ပရဟိတသမားတွေ မြေပြင်မှာ ဘယ်လောက်တောင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာကို

နာမည်ကြီး ပရဟိတအစ်ကို “လှိုင်သာယာကိုကြီး” က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် စိတ်မကောင်းစွာနဲ့ ရင်ဖွင့်ပြောပြလာပါတယ်။

ဖြစ်စဉ်ကတော့ လှိုင်သာယာကိုကြီးတို့ အဖွဲ့ဟာ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ်ကြားမှာ (၄) ရက်ဆက်တိုက် ရေဘေးကူညီကယ်ဆယ်ရေးတွေ အင်တိုက်အားတိုက် လုပ်ဆောင်နေခဲ့တာပါ။

ရန်ကုန်ကနေ ထွက်လာကတည်းက လူနာတင်ယာဉ် (Ambulance) တွေမှာ ဆီအပြည့်ဖြည့်လာခဲ့ပေမယ့် (၄) ရက်လုံးလုံး အဆက်မပြတ် ပြေးလွှားကူညီနေရတဲ့အတွက် ဆီပြတ်လပ်သွားခဲ့ပါတယ်။

ဒါနဲ့ ဆီဖြည့်ဖို့အတွက် လေးမျက်နှာမြို့အဝင်မှာရှိတဲ့ “—-” လို့ အမည်ရတဲ့ ဆီဆိုင်ကို ဝင်ရောက်ခဲ့ပါတယ်။

ဒါပေမဲ့ မထင်မှတ်ထားဘဲ ဆီဆိုင်ဘက်က “ထောက်ခံစာမပါရင် ဆီလုံးဝ (လုံးဝ) ထည့်မပေးနိုင်ပါဘူး” ဆိုပြီး ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။

အချိန်နဲ့အမျှ အသက်လုပြီး ပြည်သူတွေကို ကယ်တင်နေရတဲ့ လူနာတင်ယာဉ်ကိုတောင် အခုလို စည်းမျဉ်းတွေ အကြောင်းပြပြီး လုံးဝဆီမရောင်းပေးတဲ့ လုပ်ရပ်အပေါ် လှိုင်သာယာကိုကြီးက အတော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

“ဒီလမ်းကြောင်းမှာ ကျွန်တော်တို့ ဘယ်မှသွားလို့မရဘူး၊ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာကိုပဲ ကူးနေရတာ။

ဒီတစ်ဆိုင်တည်း တွေ့လို့ ဝင်ထည့်တာကို မထည့်ပေးပါဘူးတဲ့…

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်” ဆိုပြီး သူက လွန်စွာ စိတ်ပျက်လက်ပျက်နဲ့ ရင်ဖွင့်ထားပါတယ်။

အရေးပေါ် အသက်ကယ်နေရချိန်မှာ ပြောင်းလွယ်ပြင်လွယ် မရှိဘဲ လူသားချင်းစာနာမှု အားနည်းလွန်းတဲ့ ဒီလို အခြေအနေတွေဟာ

မြေပြင်က ကယ်ဆယ်ရေးသမားတွေအတွက်တော့ တကယ့်ကို ရင်မောစရာ အခက်အခဲကြီးတစ်ခု ဖြစ်နေကြောင်း အများပြည်သူ သိရှိနိုင်စေရန် တင်ဆက်ပေးလိုက်ရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *