ဓညဝတီရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်း ၃၂ တို့၏ စစ်ကောင်စီ ကာကင်းများကျပြီး တပ်ဆုတ်ရန် ပြင်ဆင်နေ

ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်း-၃၂ တို့သည် အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်မှုကိုခံနေရပြီး ကာကင်းစခန်းအချို့ကျကာ စစ်ကောင်စီတပ်များ တပ်ဆုတ်ပြေးရကြောင်း သိရသည်။

ဓညဝတီရေတပ်ဌာနချုပ်အနီး စီမော်နှင့်စိုင်ခြုံကျေးရွာရှိ စစ်ကောင်စီ၏ ကာကင်းစခန်း သုံးခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ ယမန်နေ့ မတ် ၃ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ထို့အပြင် ရဲတပ်ရင်း ၃၂ ၏ ကာကင်းအချို့လည်း ကျသွားပြီး တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခံနေရကာ ပစ္စည်းအချို့ပါရွှေ့ပြောင်း၍ တပ်ဆုတ်မည့် အနေအထားရှိနေကြောင်း သိရသည်။

“ဒီနေ့မနက်ထိတိုက်ပွဲတွေပြင်းထန်နေပါတယ်။ ကျောက်ဖြူ- ရန်ကုန်လမ်းပေါ်က ရဲတပ်ရင်း ၃၂ ကို ထိုးစစ်ဆင်တိုက်ခိုက်နေပါပြီ” ဟု ကျောက်ဖြူသတင်းရင်းမြစ်က ပြောသည်။

ကာကင်းများမှ တပ်ဆုတ်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဓညဝတီရေတပ်ဌာနချုပ်အတွင်း သွားရောက်ပူးပေါင်းပြီး တိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁ရက်နေ့ကလည်း ဓညဝတီရေတပ်ကာကင်း နှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသွားပြီး တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကို AA က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့၏ ရေတပ်ဌာနချုပ် ဦးတည်တိုက်ခိုက်ခံရပြီးနောက် ရေတပ်သင်္ဘောများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းမှ ဗုံးကြဲခြင်းနှင့် ဒရုန်းများဖြင့်ပါတိုက်ခိုက်ခြင်းတို့ကိုပါ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် သစ်ပုတ်တောင်နှင့် ရှောက်ချောင်းကျေးရွာများဘက်သို့ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ကာ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူမြို့နယ်အတွင်းသို့ ရေကြောင်း၊ လေကြောင်းတို့ဖြင့် လက်နက်၊ခဲယမ်းများ တင်ပို့ခဲ့ပြီး စစ်ကူများလည်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။

AA သည် ကျောက်ဖြူဓညဝတီရေတပ်ဌာနချုပ်ကို ဦးတည်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကာကင်းစခန်းအချို့ကို သိမ်းယူထားပြီးဖြစ်ကြောင်း သိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *