မဂ်လာဆောင်ကာနီးလေး ဘုရားဖြူသွားဖူးပြီးအပြန်မှာ မထင်မှတ်ဘဲ ထာဝရနှုတ်ဆက်သွားခဲ့ရတဲ့ (၂၆) နှစ်အရွယ် Biker မစုမာနှင်း
ထိုင်းနိုင်ငံက နာမည်ကြီး ဘုရားဖြူ (Wat Rong Khun) ကို ပြီးခဲ့တဲ့ ဩဂုတ်လ (၄) ရက်နေ့က မြန်မာရွှေ့ပြောင်းလုပ်သား ဆိုင်ကယ်ချစ်သူ (Bikers) တွေ စုပေါင်းပြီး ပျော်ပျော်ပါးပါး အပျော်ခရီးလေး ထွက်ခဲ့ကြပါတယ်။
ဒါပေမဲ့ အပြန်လမ်းမှာတော့ ဘယ်သူမှ မျှော်လင့်မထားတဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်ခဲ့ပါတယ်။
မဟာချိုင်က ထိုင်းယူနီယံ (Thai Union) ပုစွန်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် (၂၆) နှစ်အရွယ် မစုမာနှင်း ဟာ သူမရဲ့ချစ်သူနဲ့အတူ ဆိုင်ကယ်စီးလာရင်း လမ်းမှာ မထင်မှတ်ဘဲ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် ချစ်သူအမျိုးသားမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး မစုမာနှင်း ကတော့ အခင်းဖြစ်ပွားရာ နေရာမှာတင် ထာဝရ နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။
အသည်းနာစရာ အကောင်းဆုံးကတော့ သူတို့ချစ်သူနှစ်ဦးဟာ မကြာခင်မှာပဲ မင်္ဂလာပွဲဆင်နွှဲဖို့ ပြင်ဆင်ထားကြသူတွေ ဖြစ်နေတာပါပဲ။
နောက်ဆုံးခရီး ပို့ဆောင်တဲ့ ဈာပနအခမ်းအနားမှာတော့ ချစ်သူအမျိုးသားဟာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့အတူ ကြေကွဲဝမ်းနည်းစွာ ယူကျုံးမရဖြစ်နေခဲ့ပြီး၊ ကွယ်လွန်သူ အရမ်းသဘောကျတဲ့ ဆိုင်ကယ်စီးဦးထုပ်လေးကိုပါ သူမနဲ့အတူ ထည့်သွင်းပေးခဲ့တာက မြင်တွေ့ရသူတိုင်းရဲ့ ရင်ကို ဆို့နင့်စေခဲ့ပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက်သင်္ဘောရွာ ဇာတိဖြစ်တဲ့ မစုမာနှင်းရဲ့ နောက်ဆုံးခရီးကို ထိုင်းနိုင်ငံရောက် မြန်မာ Biker တွေ အများအပြား လာရောက်ပို့ဆောင်ပေးခဲ့ကြပါတယ်။
အပျော်ခရီးလေးကနေ အခုလို ရင်နာစရာ ဇာတ်သိမ်းသွားရတဲ့အပေါ် သူငယ်ချင်းမိတ်ဆွေတွေ အားလုံးက နှမြောတသဖြစ်ကာ လွန်စွာ ဝမ်းနည်းကြေကွဲနေကြပါတယ်။


Leave a Reply