မဟာဗျူဟာထိုးစစ်ကြီး လာပြီဟေ့

တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ မဟာဗျူဟာထိုးစစ်အတွက် ရှေ့လုပ်ငန်းစဉ်များကို PDF တပ်မှူးကြီးများ အစည်းအဝေးက ချမှတ်ဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးကြီးများအစည်းအဝေး (၂/၂၀၂၆) တွင် “ပြည်သူ့ခုခံတွန်းလှန်စစ်” မှ “မဟာဗျူဟာထိုးစစ်” သို့ တက်လှမ်းနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဩဂုတ်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တပ်မှူးကြီးများအစည်းအဝေး (၂/၂၀၂၆) ကို ဩဂုတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ (၄) ရက်ကြာ ကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်နှင့် စစ်ဦးစီးအရာရှိချုပ်တို့က လမ်းညွှန်အမှာစကားများ ပြောကြားခဲ့ကြောင်း၊ ကာကွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကလည်း ဝန်ကြီးဌာန၏ မျှော်မှန်းချက်များနှင့် မဟာ ဗျူဟာများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးအတွင်း အမျိုးသားကာကွယ်ရေးမဟာဗျူဟာနှင့်အညီ ယခင် တပ်မှူးကြီးများအစည်းအဝေး (၁/၂၀၂၆) တွင် အတည်ပြုခဲ့သည့် လုပ်ငန်းစဉ်များ၏ အကောင် အထည်ဖော်မှုများကို တိုင်းစစ်ဌာန (၁၀) ခု၊ တပ်မ (၁) ခုနှင့် စစ်ရုံးချုပ်လက်အောက်ရှိ ဌာနအသီးသီးက စာတမ်းများတင်သွင်း ဆွေးနွေးခဲ့ကြပြီး စစ်ဦးစီးချုပ်နှင့် တပ်ခေါင်း ဆောင်များ၏ လမ်းညွှန်ချက်များကို ရယူကာ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်အရ ရှေ့လုပ်ငန်းစဉ်များကို ညီညွတ်ရေးမူ (၃) ရပ်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ကွပ်ကဲရေးကော်မတီတွင် မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေး၊ စစ်ဒေသအသီးသီးရှိ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ “ပြည်သူ့ခုခံတွန်းလှန်စစ်” မှ “မဟာဗျူဟာထိုးစစ်” သို့ တက်လှမ်းနိုင်ရေးကို ဦးတည်ပြင် ဆင် ဆောင်ရွက်သွားရန် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေး စတုတ္ထနေ့တွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းတို့ ဦးဆောင်သည့် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (လုံ/ကာ) အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများက တပ်မတော်၏ ရှေ့လုပ်ငန်းစဉ်များကို တင်ပြကာ နိုင်ငံရေးဦးဆောင်မှုနှင့် လမ်းညွှန်မှုများကို ခံယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အစည်းအဝေးအပြီးတွင် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ပြီး တပ်မှူးကြီးများအစည်းအဝေး (၂/၂၀၂၆) ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *