နွန်သဘူရီ ကျောင်းတွင်း ပစ်ခတ်မှု ဆရာ၊ ကျောင်းသားနှင့် သေနတ်သမား အပါအဝင် ၇ ဦး သေဆုံး၊ ၁၅ ဦးဒဏ်ရာကြောင်း အတည်ပြု
ဝန်ကြီးချုပ် ဝမ်းနည်းကြောင်းပြော
ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်၊ ဘန်းခရွိုင် (Bang Kruai) မြို့နယ်ရှိ ဒက်ဖ်ဆီရင် နွန်သဘူရီ ကျောင်း (Debsirin Nonthaburi School) ၌ ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်မှုအတွင်း ပြစ်မှုကျူးလွန်သူ ကျောင်းသား သေနတ်သမား အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက တရားဝင် အတည်ပြု ထုတ်ပြန်လိုက်သည်။

သေဆုံးသူများတွင် ဆရာ၊ ဆရာမ ၃ ဦး၊ ကျောင်းသား ၃ ဦးနှင့် ကျောင်းသား သေနတ်သမားတို့ ပါဝင်ပြီး၊ အခြား ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးကိုလည်း ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။
စစ်ဆေးရေး တာဝန်ရှိသူများက ပစ်ခတ်မှုကျူးလွန်သူ ကျောင်းသား၏ ကျောပိုးအိတ်ကို ရှာဖွေစစ်ဆေးရာ ကျည်ဆန်အမြောက်အမြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ ခဲယမ်းများကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားပြီး ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးလျက် ရှိသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ် (Anutin Charnvirakul) က အလွန်တရာ ဆိုးရွားလှသည့် အဖြစ်အပျက်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ မိသားစုဝင်များအား လိုအပ်သည့် အရေးပေါ် ကူညီထောက်ပံ့မှုများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားထားသည်။

အာဏာပိုင်များက ကျောင်းဝန်းအတွင်း လုံခြုံရေး ပိုမိုတိုးမြှင့်ထားပြီး ဖြစ်စဉ် အသေးစိတ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။


Leave a Reply