ဆီဈေးတွေကြီးပြီး ရှားပါးနေချိန်မှာ အလှူရှင်တွေအတွက် ဆိုင်းဘုတ်ကြီးထောင်ပြီး အံ့မခန်းလုပ်ရပ်ကို လုပ်ပြလိုက်တဲ့ ဧရာဝတီသားများ
ရေဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ လေးမျက်နှာမြို့နယ်မှာ စိတ်မကောင်းစရာ သတင်းတွေကြားထဲကနေ လူတိုင်းရဲ့ ရင်ကို နွေးထွေးသွားစေမယ့် ကြည်နူးစရာ မြင်ကွင်းလေးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

အခက်အခဲတွေကြားထဲကမှ ပေါ်လွင်လာတဲ့ ရိုးသားကြိုးစားတဲ့ “ဧရာဝတီသား” တွေရဲ့ မွန်မြတ်လှတဲ့ စိတ်ဓာတ်လေးပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ စက်သုံးဆီတွေက ရှားပါးပြီး ဈေးနှုန်းတွေကလည်း ကြီးမြင့်နေပါတယ်။

ဒါပေမဲ့ လေးမျက်နှာမြို့နယ်က ဒေသခံ စက်လှေသမား အစ်ကိုကြီးတွေကတော့ အကျိုးအမြတ်ကို လုံးဝမကြည့်ဘဲ “စက်လှေအခမဲ့လှူသည်” ဆိုတဲ့ ဆိုင်းဘုတ်ပြာကြီးကို ဂုဏ်ယူဝင့်ကြွားစွာ ထောင်ထားပြီး ရေဘေးသင့်ပြည်သူတွေဆီ လာရောက်ကြတဲ့ အလှူရှင်တွေကို တစ်နေကုန် နေပူကျဲကျဲထဲမှာ အခမဲ့ လိုက်လံပို့ဆောင်ပေးနေကြတာပါ။

မြေပြင်မှာ ကိုယ်တိုင်သွားရောက် ကူညီပေးနေတဲ့ ပရဟိတသမား “မရွှေလဲ့” (ရွှေမေတ္တာလူမှုကယ်ဆယ်ရေး)ရဲ့ ရင်ဖွင့်ပြောပြချက်အရဆိုရင် ဒီအစ်ကိုကြီးတွေဟာ အလှူရှင်တွေကို နေပူထဲ တစ်နေကုန် လိုက်ပို့ပေးရုံသာမကဘဲ၊ ညနေ အပြန်လမ်းမှာတောင် မနားကြဘဲ ရေသန့်တွေ အပြည့်တင်ပြီး အနီးအနားက ရွာတွေကို ဆက်လက် ပတ်ပို့ပေးနေသေးတယ်လို့ သိရပါတယ်။

သူတို့ကိုယ်တိုင်က ရေဘေးဒဏ်ကို ခံစားနေရသူတွေ ဖြစ်ပေမယ့်၊ လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေ သွားချင်တဲ့ နေရာအရောက် ငွေတစ်ပြားမှ မယူဘဲ ကိုယ်ကျိုးစွန့် ကူညီပေးနေကြတဲ့ တကယ့် စိတ်ဓာတ်ပြည့်ဝသူတွေပါ။

ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက်ပဲ ဆုံးရှုံးသွားပါစေ၊ သူတစ်ပါးအပေါ် ကူညီချင်တဲ့ ဖြူစင်တဲ့ ပရဟိတစိတ်ဓာတ်ကိုတော့ ဘယ်ရေစီးကြောင်းကမှ တိုက်စားသွားလို့ မရနိုင်ဘူးဆိုတာကို ဒီအစ်ကိုကြီးတွေက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
ရိုးသားဖြူစင်ပြီး မေတ္တာတရား ကြီးမားလှတဲ့ ဧရာဝတီသားတွေရဲ့ ဒီလို အတုယူဖွယ် စိတ်ဓာတ်လေးကို အားလုံးသိရှိ ဂုဏ်ပြုနိုင်စေရန်အတွက် တင်ဆက်ပေးလိုက်ရပါတယ်။


Leave a Reply