သိန်း ၇၀၀ ကျော်လှူပြီးအပြန် အားမရသေးဘဲ လမ်းမှာတွေ့တဲ့ ဈေးသည်လေးကို နားကပ်တွေ၊ လက်စွပ်တွေပါ ချွတ်လှူခဲ့တဲ့ သူဌေးမကြီး

သိန်း ၇၀၀ ကျော်လှူပြီးအပြန် အားမရသေးဘဲ လမ်းမှာတွေ့တဲ့ ဈေးသည်လေးကို နားကပ်တွေ၊ လက်စွပ်တွေပါ ချွတ်လှူခဲ့တဲ့ သူဌေးမကြီး

လူ့လောကကြီးမှာ ဒီလို ပေးဆပ်ချင်စိတ်အပြည့်နဲ့ စေတနာရှင်တွေ ရှိနေသေးသရွေ့ အားကိုးရာမဲ့နေသူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်လေးတွေက အမြဲလင်းလက်နေမှာ အသေအချာပါပဲ။

မကြာသေးခင်ကပဲ ဧရာဝတီတိုင်းက ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ (၆) ဦးအပြင် ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင်တွေအတွက် ဘာအနှောင်အဖွဲ့၊ ဘာမျှော်လင့်ချက်မှ မထားဘဲ ကျပ်သိန်း (၇၀၀) ကျော်အထိ ရက်ရက်ရောရော ချီးမြှင့်လှူဒါန်းခဲ့တဲ့ စေတနာရှင် အစ်မကြီး “ဒေါ်ခင်မာဝင်း” ရဲ့ အလှူဟာ ပီတိဖြစ်စရာ အလွန်ကောင်းခဲ့ပါတယ်။

ဒါပေမဲ့ ဒီအလှူကြီးအပြီး အပြန်လမ်းခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ သူမရဲ့ နောက်ထပ် မထင်မှတ်ထားတဲ့ လုပ်ရပ်လေးကတော့ မြင်တွေ့ရသူတိုင်းရဲ့ ရင်ကို ပိုပြီး နွေးထွေးသွားစေခဲ့ပါတယ်။

အစ်မကြီး ဒေါ်ခင်မာဝင်းဟာ အလှူကအပြန် လမ်းခရီးမှာ ကလေး (၂) ယောက်ရယ်၊ ဂေါက်ရောဂါ ခံစားနေရတဲ့ ခင်ပွန်းသည်ရယ်ကို လုပ်ကိုင်ကျွေးမွေးဖို့အတွက် ငရုတ်သီးမှုန့်တောင်းကို ခေါင်းပေါ်ရွက်ပြီး ရောင်းချနေရတဲ့ ဈေးသည်မလေး “မအေးအေးငြိမ်း” နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပါတယ်။

(၁၅) ကျပ်တိုး (နေ့ပြန်တိုး) နဲ့ ကျပ် (၂) သိန်း အကြွေးတင်နေပြီး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ဈေးသည်မလေးရဲ့ အဖြစ်ကို ကြားသိရချိန်မှာတော့ အစ်မကြီးဟာ စိတ်မထိန်းနိုင်အောင် စာနာသွားခဲ့ပါတယ်။

ဒီလိုနဲ့ ဘယ်သူမှ မျှော်လင့်မထားတဲ့ အချိန်မှာပဲ အစ်မကြီးဟာ သူမကိုယ်တိုင် ဝတ်ဆင်ထားတဲ့ ရွှေလက်စွပ်နဲ့ ရွှေနားကပ်တို့ကို ချက်ချင်းချွတ်ကာ ဈေးသည်မလေးကို ပေးကမ်းလှူဒါန်းခဲ့တဲ့အပြင် နေ့ပြန်တိုး အကြွေးတွေ ကျေလည်သွားစေဖို့ ငွေသားတွေကိုပါ ထပ်မံပေးအပ်ခဲ့ပါတယ်။

“ရွှေတွေကို အရေးပေါ် ကျန်းမာရေးကိစ္စ ပေါ်လာမှ သုံးပါ။ လှူလိုက်တဲ့ ငွေသားနဲ့ အတိုးပေးနေရတဲ့ အကြွေးကို အရင်ဆုံး ကျေအောင်ဆပ်လိုက်ပါ” ဆိုတဲ့ အစ်မကြီးရဲ့ မေတ္တာရှေ့ထားတဲ့ ဆိုဆုံးမစကားက တကယ့်ကို ရင်ထဲထိစရာပါပဲ။

ဘယ်လို အကျိုးအမြတ်ကိုမှ မျှော်လင့်မထားဘဲ မေတ္တာသန့်သန့်နဲ့ လိုအပ်နေသူတွေကို လက်ငင်း ကယ်တင်ပေးခဲ့တဲ့ စေတနာရှင် အစ်မကြီး ဒေါ်ခင်မာဝင်းရဲ့ လုပ်ရပ်လေးကတော့ လူမှုကွန်ရက်စာမျက်နှာထက်မှာ အားလုံးရဲ့ ချီးကျူးဂုဏ်ပြုမှုတွေကို အခိုင်အမာ ရရှိနေပါတယ်။

ဒီလို မွန်မြတ်လှတဲ့ စိတ်ထားပိုင်ရှင် အစ်မကြီးအနေနဲ့ အနာရောဂါကင်းရှင်းပြီး ဒီထက်မက ကူညီလှူဒါန်းနိုင်ပါစေလို့ အားလုံးက ဝိုင်းဝန်းဆုတောင်းပေးနေကြပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *