အကြမ်းဖက်စစ်တပ်ဆန်ဆန်အာဏာပြအုပ်ချုပ်တဲ့ အင်္ဂပူမြို့ အ.ထ.က ကျောင်းအုပ်ကြီးသစ်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) ၌ ယခု ၂၀၂၆ စာသင်နှစ်မှစတင်ကာ ပြောင်းရွှေ့တာဝန်ကျလာသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိုးလွင်၏ အကြမ်းဖက်စစ်တပ်ဆန်ဆန် ဖိနှိပ်အာဏာပြလွန်းသည့် ကျောင်းအုပ်ချုပ်မှုပုံစံများကြောင့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းတွင်းဆရာ/မများအကြား မကျေနပ်မှုများနှင့် ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်အတွင်းက ကျောင်းတက်ရက် ကျောင်းပြင်ပလမ်းတစ်ခု၌ တွေ့ဆုံသည့် ကျောင်းသား/သူ စုံတွဲတစ်တွဲအား ကျောင်းအုပ်ကြီးကိုယ်တိုင် တွေ့ရှိချိန်တွင် စကားဖြင့် ဆုံးမခြင်း သို့မဟုတ် မိဘအား ခေါ်ယူသတိပေးခြင်းမျိုး မပြုလုပ်ဘဲ ဒုတ်ဖြင့် လိုက်လံရိုက်နှက်ခဲ့သဖြင့် အဆိုပါကျောင်းသား/သူနှစ်ဦးမှာ ကြောက်လန့်တကြား ထွက်ပြေးရာမှ ခိုးရာလိုက်ပြေးသည့်အဆင့်ထိ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းသားမိဘများက ပြဿနာမကြီးထွားစေလို၍ ပြေလည်အောင် ဖြေရှင်းခဲ့ကြသော်လည်း ကျောင်းအုပ်ကြီး၏ အပြုအမူမှာ ပညာရေးဝန်ထမ်းတစ်ဦး၏ ကျင့်ဝတ်နှင့်မညီဘဲ အာဏာရှင်ဆန်လွန်းသည်ဟု ကျောင်းသားမိဘများနှင့် မြို့ခံများအကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ထို့ပြင် ကျောင်းအုပ်ကြီးသစ် ရောက်ရှိလာပြီးနောက်ပိုင်း ကျောင်းသား/သူများ၏ အခွင့်အရေးကို ထိခိုက်စေသည့် တင်းကျပ်သည့် စည်းကမ်းများကို ဆက်တိုက်ထုတ်ပြန်ခဲ့သည်။ ကျောင်းတွင်းသို့ ကျောင်းပြင်ပမှ ရေသန့်ဗူးများ ယူဆောင်လာခွင့်ကို လုံးဝပိတ်ပင်ထားသကဲ့သို့ ဇူလိုင်လမှစ၍ Grade-12 ကျောင်းသား/သူများကို နံနက်ပိုင်းနှင့် နေ့လယ်ထမင်းစားချိန်တစ်ဝက်၌ အချိန်ပို (Extra Class) ခေါ်ယူသင်ကြားခိုင်းလျက်ရှိသည်။
ထို့ပြင် သြဂုတ် ၄ ရက်နေ့မှစတင်ကာ အတန်းတိုင်းမှ ကျောင်းသား/သူများအား နေ့လယ်ကျောင်းဆင်းချိန် အိမ်ပြန်ထမင်းစားခွင့် မပြုတော့ဘဲ ကျောင်းသို့ ထမင်းချိုင့် သို့မဟုတ် ထမင်းထုပ် ယူဆောင်လာကာ ကျောင်းတွင်း၌ပင် စားသောက်ရန် အမိန့်ထုတ်ပြန်လိုက်သည်။
အဆိုပါ အိမ်ပြန်ထမင်းစားခွင့် ပိတ်ပင်သည့်ကိစ္စကြောင့် လက်လုပ်လက်စား၊ ဈေးသည်နှင့် အချိန်မှီ မချက်ပြုတ်နိုင်သည့် အခြေခံလူတန်းစား မိသားစုများမှ ကျောင်းသား/သူများအတွက် ကြီးမားသည့် ဖိအားနှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်လာရကြောင်း မိဘများက မကျေနပ်စွာ ပြောဆိုကြသည်။

ခေတ်အဆက်ဆက်တွင် ၆ ဘာသာဂုဏ်ထူးရှင်များစွာ ထွက်ရှိခဲ့ပြီး မြို့ဂုဏ်ဆောင်ခဲ့သည့် အ.ထ.က (ထူးကြီး) ကျောင်းကြီးမှာ ယခင်ကျောင်းအုပ်များ လက်ထက်မှစ၍ ပညာရေးအဆင့်အတန်း နိမ့်ကျလာခဲ့ရရုံမက ယခု ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိုးလွင် လက်ထက်တွင်မူ ကျောင်းကို အကြမ်းဖက်စစ်တပ်ကဲ့သို့ စည်းကမ်းဆိုးများဖြင့် အာဏာပြ အုပ်ချုပ်နေသဖြင့် ကျောင်း၏ ဂုဏ်သိက္ခာများ ပိုမိုကျဆင်းလာရသည်ဟု ဒေသခံများက ထောက်ပြကြသည်။
လက်ရှိတွင် အဆိုပါ ကျောင်းအုပ်ကြီး၏ အာဏာပြမှုများနှင့် ပတ်သက်၍ ကျောင်းသား/သူများ၊ မိဘများသာမက ကျောင်းတွင်း တာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမများပါ မကျေနပ်မှုများနှင့် အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။


Leave a Reply