မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်အပေါ် ထိုင်းလွှတ်တော်အမတ်များ၊ အရပ်ဘက်အဖွဲ့များ၊ ကျောင်းသားသမဂ္ဂများနှင့် ထိုင်းပြည်သူများက ကန့်ကွက်ဆန္ဒပြခဲ့သော်လည်း လွှတ်တော်အမတ်တစ်ဦးတည်းသာ ဆန္ဒပြဟု ပြောရေးဆိုခွင့် ရှိသူ ခိုင်ခိုင်စိုး ဗြောင်လိမ်ပြောဆို
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ထိုင်းနိုင်ငံခရီးစဉ်ကို ထိုင်းလွှတ်တော်အမတ်များ၊ အတိုက်အခံနိုင်ငံ ရေးသမားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ လူ့အခွင့်အရေးအဖွဲ့များ၊ ထိုင်းပြည်သူများနှင့် ထိုင်းရောက်မြန်မာနိုင်ငံသားများက ဆန္ဒပြခြင်း၊ ကြေညာ ချက် ထုတ်ပြန်ကန့်ကွက်ခြင်း၊ လွှတ်တော်အတွင်း အော်ဟစ်ကန့်ကွက်ခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက “ထိုင်းလွှတ်တော်အမတ်တစ်ဦးတည်းသာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်” ဟု ဗြောင်လိမ်ပြောဆိုလိုက်သည်။
ယမန်နေ့ မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်မှ အပြန် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ် မီဒီယာတချို့၏ မေးမြန်းချက်ကို ခိုင်ခိုင်စိုးက ယင်းကဲ့သို့ ဗြောင်လိမ် ပြောဆိုလိုက်ခြင်းဖြစ်သည်။
မင်းအောင်လှိုင်သည် ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်တို့တွင် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ထိုင်းအစိုးရတာဝန်ရှိသူများ၊ ထိုင်းအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့သည်။ ယင်းခရီးစဉ်တစ်လျှောက် ထိုင်းနိုင်ငံအတွင်း နေရာအများအပြား၌ ကန့်ကွက်ဆန္ဒပြမှုများ၊ နိုင်ငံရေးဝေဖန်မှုများနှင့် ပူးတွဲကြေညာချက်များ ဆက်တိုက်ပေါ်ပေါက်ခဲ့သည်။

သို့ရာတွင် မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက ထိုင်းလွှတ်တော်တွင် လွှတ်တော်အမတ်တစ်ဦးသာ ဆန္ဒပြခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဆန္ဒပြမှုကို မသိရှိခဲ့ဘဲ နောက်ပိုင်း လူမှုကွန်ရက်ပေါ်တွင် ဗီဒီယိုထွက်လာမှသာ သိရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။
“ထိုင်းလွှတ်တော်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ သွားတွေ့စဉ် ဆန္ဒပြတာကို မသိလိုက်ပါဘူး။ လိုင်းပေါ်မှာ သတင်းတက်လာမှ သိရတာပါ။ ထိုင်းလွှတ်တော်အမတ်တစ်ယောက် လွှတ်တော်အပြင်ဘက်အဝမှာ ဆန္ဒပြပုံစံကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံက ဒီမိုကရေစီအပြည့်အ၀ ကျင့်သုံးတဲ့ နိုင်ငံဖြစ်လို့ သူရဲ့ဆန္ဒကို လွတ်လပ်စွာဖော်ထုတ်တယ်လို့ မှတ်ယူပါတယ်။ ကြိုဆိုနေတဲ့အဖွဲ့က အများကြီးပါ၊ ဆန္ဒပြတဲ့သူက တစ်ယောက်တည်းသာဖြစ်ပါတယ်” ဟု ခိုင်ခိုင်စိုးက ဗြောင်လိမ်ပြောဆိုသည်။
သို့သော် အမှန်တကယ်တွင် မင်းအောင်လှိုင်၏ ခရီးစဉ်ကို ကန့်ကွက်သည့် လှုပ်ရှားမှုများမှာ လွှတ်တော်အမတ်တစ်ဦးတည်း၏ လှုပ်ရှားမှုသာ မဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်း အဖွဲ့အစည်းမျိုးစုံက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့ ထိုင်းနိုင်ငံ ပြည်သူ့ပါတီ (People’s Party) မှ ဘန်ကောက်မြို့ ကိုယ်စားပြု လွှတ်တော်အမတ် ဒေါက်တာ အနုဆွန် သမ်ချိုင်း (Anusorn Thamjai) က မင်းအောင်လှိုင်အား ထိုင်းလွှတ်တော်တွင် ကော်ဇောနီခင်း ဂုဏ်ပြုကြိုဆိုခဲ့ခြင်းကို လက်မခံနိုင်သဖြင့် “For Peace, For Humanity” (ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်) ဟု လွှတ်တော်အတွင်း အော်ဟစ်ကန့်ကွက်ပြခဲ့သည်။
၎င်းက မင်းအောင်လှိုင်ထံ အိတ်ဖွင့်ပေးစာတစ်စောင်ကို ကိုယ်တိုင်ပေးအပ်ရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးတာဝန်ရှိသူများက တားမြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ထိုင်းလွှတ်တော်၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူသားချင်းစာနာမှုဆိုင်ရာ ရပ်တည်ချက်ကို ဖော်ပြနိုင်ရန် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့ လုပ်ခဲ့တာဟာ ထိုင်းနိုင်ငံ၊ ထိုင်းပြည်သူတွေ၊ မြန်မာပြည်သူတွေနဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဒုက္ခရောက်နေသူတွေအတွက် ဖြစ်ပါတယ်။ အစိုးရ ဒါမှမဟုတ် လွှတ်တော်က စစ်ရာဇဝတ်မှုကျူးလွန်သူ အာဏာရှင်တစ်ဦးကို ပြည်သူတွေရဲ့ လွှတ်တော်အဆောက်အအုံမှာ ကြိုဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သဘောမတူဘူးဆိုတာ ပြသချင်တာပါ” ဟု ဒေါက်တာ အနုဆွန် သမ်ချိုင်းက ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာစစ်ခေါင်းဆောင်မှာ သွေးစွန်းလက်များရှိနေသည့် အာဏာရှင်တစ်ဦးဖြစ်သဖြင့် ကော်ဇောနီခင်း ဂုဏ်ပြုကြိုဆိုရန် မသင့်တော်ကြောင်းလည်း ၎င်းက ဝေဖန်ပြောဆိုခဲ့သည်။
ထို့ပြင် မင်းအောင်လှိုင်၏ ခရီးစဉ်ကို ကန့်ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန်တက္ကသိုလ်၊ သမ္မဆတ်တက္ကသိုလ်နှင့် ကဆက်ဆတ်တက္ကသိုလ်တို့မှ ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားအဖွဲ့အစည်း စုစုပေါင်း ၁၉ ဖွဲ့ကလည်း ဩဂုတ်လ ၇ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ၊ ပြည်သူများ၏ အသက်အိုးအိမ်ထိခိုက်မှုများနှင့် လူငယ်များ၏ ပညာသင်ကြားခွင့် ဆုံးရှုံးမှုများအတွက် အဓိကတာဝန်ရှိသူဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုင်းအစိုးရက မင်းအောင်လှိုင်အား တရားဝင်ဧည့်ခံကြိုဆိုခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းက တရားဝင်မှုအပေါ် အငြင်းပွားနေဆဲဖြစ်သည့် မြန်မာစစ်ကောင်စီကို နိုင်ငံရေးအရ တရားဝင်မှု ပိုမိုရရှိစေနိုင်ကြောင်းနှင့် ဒေသတွင်း ရေရှည်တည်ငြိမ်ရေးကိုလည်း အထောက်အကူမပြုနိုင်ကြောင်း ထောက်ပြထားသည်။

ဩဂုတ်လ ၆ ရက်နေ့တွင်လည်း ဘန်ကောက်မြို့ရှိ OPDC ရုံးအနီး၌ ထိုင်းပြည်သူများနှင့် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက “ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို မကြိုဆို”၊ “မြန်မာပြည်သူများနှင့်အတူ ရပ်တည်” စသည့် စာတမ်းများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများသည် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူလ်နှင့် မင်းအောင်လှိုင်တို့၏ မျက်နှာဖုံးများ ဝတ်ဆင်၍ သရုပ်ဖော်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း စစ်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် သယံဇာတအမြတ်အစွန်းများကို ရည်ညွှန်းသည့် သရုပ်ဖော်ပွဲများကိုလည်း ကျင်းပခဲ့သည်။
ထိုင်းရောက်မြန်မာနိုင်ငံသားများကလည်း ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် “မင်းအောင်လှိုင် ကျရှုံးပါစေ”၊ “ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို မကြိုဆိုဘူး” စသည့် စာတမ်းများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ စစ်ခေါင်းဆောင်၏ ခရီးစဉ်ကို ကန့်ကွက်ခဲ့ကြသည်။
ထို့အပြင် ထိုင်းနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့ကလည်း မင်းအောင်လှိုင် ၏ ခရီးစဉ်ကို ကန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြန်မာစစ်ကောင်စီကို အကျိုးဖြစ်စေမည့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်ရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့သည်။

ထိုင်းလူ့အခွင့်အရေးအဖွဲ့ Asylum Access ကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားရေးအခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း ထောက်ပြကာ ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားရေး အခြေခံမူများကို လေးစားလိုက်နာရန် တိုက်တွန်းခဲ့သည်။
ထိုင်းအောက်လွှတ်တော် ဥပဒေရေးရာ၊ တရားမျှတရေးနှင့် လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ Rangsiman Rome ကလည်း မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နယ်စပ်ပြဿနာများနှင့် ကော့မြစ်အတွင်း အဆိပ်အတောက်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ယင်းက စစ်ကောင်စီကို နိုင်ငံရေးအရ ပိုမိုတရားဝင်မှု ရရှိစေနိုင်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

ထို့ပြင် ထိုင်းအောက်လွှတ်တော်အမတ်ဟောင်း Kannavee Suebsang ကလည်း မင်းအောင်လှိုင်သည် အာဆီယံ၏ ဘုံသဘောတူညီချက် (Five-Point Consensus) ကို ဆက်လက်ငြင်းပယ်နေသည့်အတွက် ထိုင်းအစိုးရအနေဖြင့် ၎င်း၏ ခရီးစဉ်ကို ပြန်လည်သုံးသပ်ကာ ဖျက်သိမ်းသင့်ကြောင်း၊ မြန်မာ့အရေးသည် ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် တိုက်ရိုက်ဆက်နွှယ်နေသည့် ပြဿနာဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။


Leave a Reply