အပူတွေ ထပ်ထပ် ဆင့်နေကြရတဲ့ ၅/ တို့ဘဝ

စစ်ဒဏ်ခံရသည့် စစ်ကိုင်းက မြို့နယ်အများစု ရေဘေးသင့်ပြီး အကူအညီလိုအပ်

စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီ ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုမှ ဒေသခံများနှင့် စစ်ဘေးရှောင်များ ရေဘေးသင့်နေပြီး ရွှေ့ပြောင်းနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် မူးမြစ် စီးဆင်းရာတလျှောက်ရှိ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ ဒီပဲယင်း၊ အရာတော်၊ ကောလင်း၊ ဝက်လက်နှင့် မြင်းမူ စသည့် မြို့နယ်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

ထို့ကြောင့် ဒေသခံ သောင်းနှင့်ချီ ရေဘေးသင့်၍ ပြောင်းရွှေ့နေကြရသလို တန့်ဆည်အရှေ့ခြမ်းနှင့် ရေဦး၊ တန့်ဆည်အစပ်ရှိ စစ်ဘေးရှောင်စခန်း လေးခုသည်လည်း မူးမြစ်ရေပြင်နှင့် တပြေးတည်းဖြစ်နေပြီး စစ်ရှောင်တဲများ၊ နွား၊ လှည်း စသည်တို့သည်လည်း ရေစီးအတွင်း မျောပါခြင်းများရှိကြောင်း ဒေသခံများက ဆိုသည်။

“စစ်ကိုင်းအထက်ပိုင်းက ကောလင်းခရိုင်၊ ကသာခရိုင်တွေဘက် မိုး အဆက်မပြတ် ရွာရာကနေ မြစ်ချောင်းတွေ ရေလျှံပြီး သဖန်းဆိပ်ဆည်ထဲကို ရေအဝင်များတာ။ ကောလင်းနယ်ဘက်က ဒေါင်းမြူးချောင်းလို ချောင်းကြီးတွေက ရေတအားကျတယ်။ အဲ့ကနေ မူးမြစ်ထဲ စီးတယ်။ မူးမြစ်ကလည်း ရေတအားများတယ်။ မူးမြစ်က သဖန်းဆိပ်ဆည်ထဲ စီးဝင်တယ်။ သဖန်းဆိပ်ဆည်က ကန်ရေပြည့်အမှတ် ၅၄၅ ပေမပြည့်မီအလို ၅၄၃ ပေမှာ ရေမထိန်းနိုင်တော့တဲ့အတွက် ရေပိုလွှဲတွေကနေတဆင့် ရေလွှတ်တာပါ။ သဖန်းဆိပ်ဆည်က မူးမြစ်ကို ပိတ်ပြီး ဆည်ဆောက်ထားတာဆိုတော့ ဆည်အောက်ဘက်က မူးမြစ်က ရေအရမ်းများတာပါ” ဟု စစ်ကိုင်းတိုင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။

ဩဂုတ်လ ၄ ရက်နေ့ကစ၍ စစ်ကိုင်းအထက်ပိုင်းဒေသများ၌ မိုးကြီးရာမှ မြစ်၊ ချောင်းများ ရေတိုးပြီး သဖန်းဆိပ်ရေလှောင်တမံ၊ ကင်းတပ်ရေလွှဲဆည်၊ ကာဘိုးဆည်များမှ ရေပိုများအား မူးမြစ်ထဲသို့ လွှဲခြင်း၊ မိုးများနေ၍ မြစ်ရေတက်ခြင်းတို့ကြောင့် မူးမြစ်နှင့် မူးမြစ်လက်တက် မြစ်၊ ချောင်းများ၌ ထူးကဲစွာ မြစ်ရေမြင့်တက်လာခဲ့ကြောင်း ဒေသတွင်း တာဝန်ရှိသူတဦးက ပြောသည်။

ထို့ပြင် မူးမြစ်နှင့် အနီးအနားချောင်းများအနီးရှိ စိုက်ခင်းများလည်း ရေလွှမ်း နစ်မြုပ်ခြင်းတို့ ဖြစ်ပေါ်နေသည်။

လက်ရှိ၌ မိုးဆက်ရွာနေဆဲဖြစ်၍ မူးမြစ်ရေ ယခုအခြေအနေထက် ဆက်တိုးနိုင်သေးကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ ရေဘေးသင့်နေသည့်ကြားမှ စစ်အုပ်စုတပ်၏ အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မှုများကိုလည်း ကြောက်လန့်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းတွင်လည်း စစ်အုပ်စုတပ်က ရေဘေးသင့်နေသည့် ခင်ဦးမြို့နယ်၏ အရှေ့ဘက်ခြမ်းကို လေကြောင်းမှ အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းရှိသလို ဩဂုတ်လ ၆ ရက်နေ့ကလည်း ဝက်လက်မြို့နယ် ကမ်းဖြူရွာ စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရွှေ့ပြောင်းရေးကတော့ ဒေသကာကွယ်ရေးတွေ၊ ပကဖတွေက နေရာချထားရေး၊ ကယ်ဆယ်ရေးတွေ စပြီး လုပ်နေတယ်။ လူသားစာနာအဖွဲ့တွေကလည်း လိုအပ်တာတွေ လုပ်နေကြပြီ။ NUG ဘက်ကတော့ စပြီး ရိက္ခာ ကူဖို့တွေ ပြင်ဆင်နေပြီ။ ဒါပေမဲ့လည်း မြို့နယ်တစ်ခုချင်းစီမှာ ရေလွှမ်းမိုးမှု ဧရိယာတွေက အင်မတန်မှကို များပြားနေတာဆိုတော့ တာဝန်ယူမှုအပိုင်းမှာတော့ နည်းပါးဦးမယ်။ အကုန်လုံးကနေ ဝိုင်းဝန်းတာဝန်ယူဆောင်ရွက်မှ အဆင်ပြေပါလိမ့်မယ်” ဟု မြေပြင်ရှိ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ် ကူညီရေးလုပ်ဆောင်နေသည့် လူငယ်တဦးက ပြောသည်။

ရေကြီးရေလျှံမှုများအတွင်း တံတားနှစ်စင်း ရေစီးနှင့်မျောပါသွားခဲ့သလို ဒီပဲယင်းမြို့နယ် ချောင်းရိုးရွာမှ ကောက်စိုက်ပြန်လာသည့် ကောက်စိုက်သမ ၁၀ ဦး ချောင်းဖြတ်ကူးစဉ် ရေတိုးလာ၍ ရေစီးနှင့် မျောပါပြီး ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိ၌ ရေဘေးသင့်ဒေသများအတွက် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများအပြင် ရိက္ခာ၊ ဆေးဝါး၊ ရေ စသည်တို့ လိုအပ်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။

“လိုတာတွေကတော့ အများကြီးပဲဗျ။ ကယ်ဆယ်ရေးကတော့ အဓိကပေါ့။ နောက် ရိက္ခာတွေ၊ နေရာချထားရေးတွေ၊ ဆေးဝါးတွေ လိုအပ်တာတွေတော့ အများကြီးပါ” ဟု စစ်ကိုင်း သတင်းရင်းမြစ်တစ်ရပ်က ပြောသည်။

နိုင်ငံအနှံ့ မိုးကြီးမှုများ ဆက်ရှိနေပြီး ဧရာဝတီတိုင်းအတွင်း ငဝန်မြစ်ရေကာတာ ကျိုးပေါက်၍ လေးမျက်နှာ၊ အိုင်သပြု၊ ကျုံပျော်၊ ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်းတို့တွင်လည်းကောင်း၊ မန္တလေးတိုင်းတွင် ဆည်တော်ကြီးရေလှောင်တမံ ရေလျှံ၍ ဆည်အောက်ပိုင်း မတ္တရာမြို့နယ်ရှိ ကျေးရွာများ၌လည်းကောင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ မြို့နယ်များတွင် ရေကြီး ရေလျှံမှု ဖြစ်ပွားစဥ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *