SCEF က စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ၏ ပူးတွဲဥက္ကဋ္ဌ ၂ ဦး၊ အတွင်းရေးမှူး ၁ ဦးနှင့် တွဲဖက်အတွင်းရေးမှူး ၂ ဦးကို ရွေးချယ်လိုက်ပြီး မဟာမိတ်တပ်ပေါင်းစု၏ အစခြေလှမ်းဟုဆို

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က စစ် မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ၏ ပူးတွဲဥက္ကဋ္ဌ ၂ ဦး၊ အတွင်းရေးမှူး ၁ ဦးနှင့် တွဲဖက်အတွင်းရေးမှူး ၂ ဦးကို ရွေးချယ်တာဝန်ပေးအပ်လိုက်ကြောင်း SCEF ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့နှင့် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီတို့၏ ပူးတွဲအစည်းအဝေးကို

၂၀၂၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ရာ အဆိုပါတာဝန်ရှိသူများကို ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
“မဟာမိတ်တပ်ပေါင်းစုရဲ့ အစလို့ပြောလို့ရတယ်” ဟု SCEF ၏ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီအကြောင်း သိရှိထားသော တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
အဆိုပါ အစည်းအဝေးသို့ SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့မှ ခေါင်း ဆောင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီအဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ကြပြီး

ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာမြောက် ပန်းတိုင်များကို ပေါင်းစပ်ညှိနှိုင်း၍ ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အစည်းအဝေးတွင် SCEF ၏ အလှည့်ကျသဘာပတိ ခူဦးရယ်လ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ၏ ပူးတွဲဥက္ကဋ္ဌ ၂ ဦးက နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း SCEF က ထုတ်ပြန်ထားသည်။


Leave a Reply