စလော့ ဂိမ်းအကြွေးကြောင့် (၆) နှစ်အရွယ် သမီးငယ်လေး ကြုံလိုက်ရတဲ့ ရင်ကွဲဖွယ် အဖြစ်ဆိုး နောက်ကွယ်က အကြောင်းရင်းပေါ်ပြီ
အွန်လိုင်း လောင်းကစားဂိမ်း တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲဆိုတာကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်၊ နောင်ရဲကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ရင်ကွဲဖွယ် အဖြစ်အပျက်လေးက သက်သေပြလိုက်ပါတယ်။
ဒီဖြစ်စဉ်မှာ အသက် (၆) နှစ်အရွယ် KG တန်း ကျောင်းသူလေး မဆောင်းနှင်းဦး ဟာ မထင်မှတ်ထားဘဲ ထာဝရ ထွက်ခွာသွားခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ (၆) ရက်နေ့ ညနေပိုင်းက သမီးငယ်လေးဟာ သူငယ်ချင်းအိမ်ကို သွားဆော့ရာကနေ အိမ်ပြန်မရောက်လာခဲ့ပါဘူး။
ကလေးငယ်ဟာ ဩဂုတ် ၆ ရက် ညနေ ၅ နာရီခွဲလောက်မှာ နေအိမ်ကနေ ပျောက်သွားခဲ့တာဖြစ်ပြီး မိသားစုဝင်တွေနဲ့ ရွာသူရွာသားတွေက အပူတပြင်း လိုက်လံရှာဖွေခဲ့ကြပြီးနောက် ည ၁၁ နာရီလောက်မှာ ဘုရားတောင် ရေစုကန်ထဲမှာ နားကပ်မပါဘဲ သေဆုံးနေတဲ့အခြေအနေနဲ့ ပြန်တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းရာကနေ မသင်္ကာတဲ့ အမျိုးသမီးတယောက်ကို ဩဂုတ် ၈ ရက်မှာ ခေါ်ယူစစ်ဆေးခဲ့ပြီး ကလေးငယ်ကိုခေါ်သွားကာ နားကပ်ဖြုတ်ယူ၊ ရေစုကန် ကန်ဘောင်ပေါ်ကနေ တွန်းချခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်က တရားခံဖြစ်သူ တစ်ရွာတည်းနေ အသက် (၁၉) နှစ်အရွယ် အမျိုးသမီး မမိုးမိုးထွေး (ခ) မိုးစက် ကိုတော့ ဩဂုတ်လ (၈) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်မှာ သက်ဆိုင်ရာက အချိန်မီ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အနီးကပ် စောင့်ရှောက်ရမယ့်အစား အခုလို အသိတရားမဲ့စွာ ကျူးလွန်ခဲ့ရတဲ့ အဓိက အကြောင်းရင်းကတော့ “စလော့ ဂိမ်း” လောင်းကစားကြောင့် တင်နေတဲ့ အကြွေးပြဿနာတွေကြောင့်လို့ ဒေသခံတွေက သုံးသပ်ထားကြပါတယ်။
“စလော့ဂိမ်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေပေါ့။ ရှုံးရင် ချေးမယ်၊ ငှားမယ်၊ မရတော့ ခိုးမယ်။ နောက်ဆုံး ကြံရာမရတော့ အခုလို အဆုံးသတ် မလှတဲ့ အဖြစ်ဆိုးကြီး ဖြစ်သွားရတာပဲ” လို့ မြို့ခံတစ်ဦးက စိတ်မကောင်းစွာနဲ့ ရင်ဖွင့်ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံထားရသူကို အောင်ပန်းမြို့နယ် ရဲစခန်းမှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
ဒီဖြစ်စဉ်လေးဟာ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးငယ်တွေကို အဖိုးတန် လက်ဝတ်ရတနာတွေ ဆင်မြန်းပေးခြင်းကို ဆင်ခြင်ဖို့နဲ့၊ လောင်းကစားဂိမ်းတွေရဲ့ အန္တရာယ်ကို သတိပြုနိုင်စေဖို့ ကြီးမားတဲ့ သင်ခန်းစာပေးနေတဲ့ အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတယ်။


Leave a Reply