ကွန်မန့်ရေးရုံနဲ့ ဆွဲနေလို့ ရေးဘီလူး ပွဲကြမ်းပြီ

ကွန်မန့်ရေးရုံဖြင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသည့် စစ်တပ် ထဘီသာခြုံထားသင့်ဟု ရေးဘီလူး တုံ့ပြန်

ရေးဘီလူး Page တွင် ကွန်မန့်ဝင်ရောက်ရေးသားသည့် သံဖြူဇရပ်မြို့မှ အမျိုးသမီးတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ စစ်တပ်ကို ထဘီသာခြုံထားသင့်ကြောင်း ရေးဘီလူးအဖွဲ့က ပြန်လည်တုံ့ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာတွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ် မဖူးပွင့်ဝေ (ခ) သမီးပု ဆိုသူသည် Phoo Pwint Wai အမည်ရှိ Facebook အကောင့်ဖြင့် ရေးဘီလူး Page မှ တင်သည့် ပို့စ်များအောက်တွင် ကွန်မန့်များ ဝင်ရောက်ရေးသားခဲ့ခြင်းဖြစ်သည်။

၎င်းသည် ဇူလိုင်လ ၃၀ ရက်နေ့က တင်ထားသည့် ပို့စ်အောက်တွင် အားလုံးဘေးကင်းကြပါစေဟု လည်းကောင်း၊ ဩဂုတ်လ ၄ ရက်နေ့ ပို့စ်အောက်တွင် အလှူရှင်များအားလုံး ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးကင်းကြပါစေဟု လည်းကောင်း ရေးသားခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၆ ရက်နေ့က တင်သည့် ရှေ့တန်းလှုပ်ရှားမှု ပို့စ်အောက်တွင်လည်း “အားလုံး အသက်ရှည် ကျန်းမာကြပါစေ၊ တိုက်ပွဲတိုင်းလည်း အောင်မြင်ကြပါစေ၊ အစစအရာရာ ဂရုစိုက်ပါ အသဲရေ ဟု အားပေးစကားများ ရေးသားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကွန်မန့်များ ရေးသားခဲ့သည့်အတွက် မဖူးပွင့်ဝေကို စစ်ကော်မရှင်လက်အောက်ခံ စစ်သားများနှင့် ရဲများက အိမ်အထိ လာရောက်ဖမ်းဆီးသွားခဲ့ပြီး သံဖြူဇရပ်မြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ခဲ့သည်။

အဆိုပါ ရေးသားမှုမျှဖြင့် အမျိုးသမီးတစ်ဦးကို အကြမ်းဖက်ပုဒ်မတပ်၍ ဖမ်းဆီးလိုက်သည့်အပေါ် ရေးဘီလူးအဖွဲ့က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် စစ်ကော်မရှင်တပ်များကို ပြင်းပြင်းထန်ထန် စိန်ခေါ်တုံ့ပြန်ခဲ့သည်။

ရေးဘီလူးအဖွဲ့၏ တုံ့ပြန်ချက်တွင် စစ်ကော်မရှင်တပ်များအနေဖြင့် ထိုမျှ ကြောက်ရွံ့နေပါက ထဘီသာ ခြုံထားလိုက်ရန်နှင့် ဖုန်းသုံးစွဲသည့် ပြည်သူများကိုသာ ရန်လိုအနိုင်ကျင့်နေခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။

ထို့ပြင် လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းနှင့် ကြုံတွေ့ပါက အရေးနိမ့်နေပြီး စစ်ကော်မရှင်တပ်များ၏ အဆင့်မှာ ထိုမျှသာရှိကြောင်း ပြင်းထန်သည့် စကားလုံးများဖြင့် ပြန်လည်တုံ့ပြန်ထားသည်ကို တွေ့ရသည်။

“အဲ့လောက်ကြောက်နေရင်…ထမိန်ခြုံလို​က်ပါလား

Loမသားတွေ

ကို့ဖုန်းနဲ့ကိုပဲဘာသူံးသူံးပေါ့

နဲနဲဆိုပြည်သူပဲရန်လိုနေတာ

လက်နက်ကိုင်ချင်းကြတော့ဖျင်ခံ

မင်းတိူ့အဆင့်ကအဲလောက်ပဲ”

ရေးဘီလူး

ဤဖြစ်စဉ်ကို ကြည့်ပါက စစ်ကော်မရှင်သည် တော်လှန်ရေးအဖွဲ့များ၏ Page များကို အနီးကပ် စောင့်ကြည့်နေပြီး ပြည်သူများ၏ ရေးသားမှုများကို လိုက်လံစိစစ်၍ ဖမ်းဆီးဖိနှိပ်မှုများ ခပ်စိပ်စိပ် လုပ်ဆောင်လာကြောင်း ထင်ရှားသည်။

စစ်ကော်မရှင်သည် ပြည်သူများ၏ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်များကို ပိတ်ပင်ထားပြီး အသေးငယ်ဆုံး ကွန်မန့်ရေးသားမှုကိုပင် အကြမ်းဖက်ပုဒ်မများတပ်ကာ အလွန်အကျွံ အရေးယူဆောင်ရွက်နေခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း ရေးဘီလူးအဖွဲ့၏ တုံ့ပြန်မှုသည် စစ်ကော်မရှင်၏ ပြည်သူအပေါ် ဖိနှိပ်မှုနှင့် စစ်ရေးအရ အားနည်းချက်များကို ထိထိမိမိ ထိုးနှက်လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *