တာချီလိတ်ကနေ ထွက်ပြေးလာတဲ့ ၁၉ နှစ်အရွယ် ရုရှားမလေး

တာချီလိတ်ကနေ ထွက်ပြေးလာတဲ့ ၁၉ နှစ်အရွယ် ရုရှားအမျိုးသမီး မယ်ဆိုင်ဘက်ခြမ်းကို ကူးပြီး အကူအညီတောင်းခံ

Scam ဂိုဏ်းက အတင်းအကျပ် အလုပ်ခိုင်းခဲ့ရနိုင်ကြောင်း ရဲတပ်ဖွဲ့ယူဆ

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်မှာ ဒီကနေ့ သြဂုတ်လ ၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ဘက်ကနေ မြစ်ဖြတ်ပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာတဲ့ အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူ အမျိုးသမီးတစ်ဦးကို ထိုင်းအာဏာပိုင်တွေက အကူအညီပေးနိုင်ခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးကို မယ်ဆိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အသက် ၁၉ နှစ်အရွယ် မာရီယာ မီခိုင်လိုဗ်နာ ဆိုသူ ရုရှားနိုင်ငံသူဖြစ်ကြောင်း သိရပါတယ်။

သူမဟာ အလွန်တုန်လှုပ်ထိတ်လန့်နေပြီး လက်နဲ့ ခြေထောက်တွေမှာလည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာတွေ တွေ့ရှိခဲ့ရပါတယ်။

စကားပြန်ကတစ်ဆင့် စစ်ဆေးမေးမြန်းချက်တွေအရ မာရီယာဟာ အလုပ်လုပ်ဖို့အတွက် မွေးရပ်မြေ ရုရှားနိုင်ငံကနေ တရုတ်နိုင်ငံကို အရင်သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံကို အလုပ်လုပ်ဖို့ ပြောင်းရွှေ့ခဲ့ပြီး ထိုင်းနိုင်ငံကတစ်ဆင့် လေယာဉ်နဲ့ မြန်မာနိုင်ငံဘက်ကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရောက်ပြီးနောက် ရန်ကုန်၊ မန္တလေးမြို့တွေကို ဆက်လက်ပို့ဆောင်ခံရပြီး နောက်ဆုံးမှာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရဲ့ တစ်ဖက်ကမ်းက တာချီလိတ်မြို့ဘက်ကို ရောက်ရှိခဲ့တာလို့ သိရပါတယ်။

မာရီယာရဲ့ ပြောကြားချက်အရ သွားရောက်ခဲ့တဲ့ နေရာတိုင်းမှာ ရိုက်နှက်ခံခဲ့ရတာကြောင့် နောက်ဆုံးမှာ တာချီလိတ်ဘက်ကနေ မြစ်ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဘက်ခြမ်းကို ရောက်လာချိန်မှာ ပစ်ကပ်ကားမောင်းသူတစ်ဦးကို အကူအညီတောင်းခဲ့ပြီး အဲဒီသူက မယ်ဆိုင်မြို့ရှိ Tesco Lotus ကားပါကင်အထိ လိုက်ပို့ပေးခဲ့ပါတယ်။

အဲဒီကနေတစ်ဆင့် ထိုင်းအာဏာပိုင်တွေထံ အကူအညီတောင်းနိုင်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မာရီယာဟာ အလွန်ကြောက်ရွံ့နေပြီး ငိုယိုနေဆဲဖြစ်သလို ဘယ်သူတွေနဲ့ ဘာအလုပ်လုပ်ခဲ့ရတယ်ဆိုတာကို အသေးစိတ် ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးပါဘူး။

သူမအနေနဲ့ ရုရှားနိုင်ငံကို ပြန်ချင်ကြောင်းနဲ့ မိခင်ဖြစ်သူနဲ့ ဆက်သွယ်ပေးဖို့ကိုသာ တောင်းဆိုထားပါတယ်။

အာဏာပိုင်တွေက သူမကို အရင်ဆုံး ဆေးကုသမှုခံယူစေပြီးနောက် ထိုင်းနိုင်ငံရှိ ရုရှားသံရုံးကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်သွယ်အကြောင်းကြားထားပါတယ်။

ကနဦး စုံစမ်းချက်တွေအရတော့ ဒီရုရှားအမျိုးသမီးဟာ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်တဲ့ Scam အဖွဲ့တွေက လိမ်လည်ခေါ်ဆောင်ပြီး အတင်းအကျပ် အလုပ်ခိုင်းစေခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

ဒါပေမယ့် သူမ ဘယ်သူတွေရဲ့ လက်ထဲမှာ ဘယ်လိုအခြေအနေမျိုးနဲ့ အလုပ်လုပ်ခဲ့ရတယ်ဆိုတာကိုတော့ အခုချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရဲတပ်ဖွဲ့က သူမရဲ့ ထွက်ဆိုချက်နဲ့ အခြားသက်သေအထောက်အထားတွေကို ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *