ရေးဘီးလူး Facebook Page တွင် Comment ရေးသားသည်ဟုဆိုကာ ဘလောက်ညောင်ဝိုင်းကျေးရွာနေအမျိုးသားတစ်ဦးအားထပ်မံဖမ်းဆီး
ဖမ်းဆီးခံရသူမှာ လင်းလက် လမင်းအကောင့်သုံးစွဲနေသူ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဇင်မင်းခိုင်(ခ)မင်းမင်းဆိုသူဖြစ်သည်။
ဇင်မင်းခိုင်ကို ယမန်နေ့ ဩဂုတ် ၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာလမ်းဝ၊ သံဖြူဇရပ်-ကျိုက္ခမီသွားကားလမ်းဘေးတွင် ဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ဇင်မင်းခိုင်ကို ရေးဘီးလူး Facebook Page တွင်တင်ထားသည့် ပိုစ်အောက်တွင် လင်းလက် လမင်းအကောင့်ဖြင့် Comment ဝင်ရောက်ရေးသားခဲ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်ကဆိုသည်။
ရေးဘီးလူး Facebook Page မှ မေလ ၁၃ ရက်နေ့တွင်တင်ထားသည့် မွန်ပြည်နယ်၊ ရေးမြို့၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ စကခ-၁၉ တပ်မတွင် တာဝန်ထမ်းဆောင်နေသော တပ်သား ၄ ဦးတို့ ရေးဘီးလူး တပ်ရင်းထံ လာရောက်အလင်းဝင် စာသားပိုစ့်တင်ထားသည့် အောက်၌
“လင်းလက် လမင်းအကောင့်ဖြင့် ညီကိုရေ သတိတော့ထားပါ” comment စာသားကိုလည်းကောင်း၊
မေလ ၃၁ ရက်နေ့တွင် ရေးဘီးလူး Facebook Page မှတင်ထားသည့်
“ကျွန်တော်တို့ မွန်လူထုအားနှင့်တိုင်းရင်သားရော အနီးနားက အဖွဲ့အစည်းအသီးသီးတွေ ကိုရော ကျွန်တော် အလေးပြုပါတယ်၊ အရမ်းကျေးဇူးတင်တယ်၊ အရေးကြီးမှ သွေးနီး တယ်ဆိုတဲ့စကားကို ကျွန်တော်ယုံပီး ကျုပ်တို့မွန်သွေး ဘယ်လောက်ရဲလဲ အာဏာရူးတွေ သိစေရမယ်၊ ကျုပ်တို့ မွန်သမိုင်းဘယ်တော့မှ မရိုင်းဘူး” စာသားပိုစ့်တင်ထားသည့် အောက်၌ လင်းလက် လမင်းအကောင့်ဖြင့် “ဖိုက်တင်းညီကို အရာအားလုံး အထူးသတိရှိပါ comment စာသား ဝင်ရေးခြင်း”အား လည်းကောင်း၊

သြဂုတ်လ ၆ ရက်နေ့၌ ရေးဘီးလူး Page အကောင့်ဖြင့် “ငိုးမသား ရက်တစ်ရာပြည့် ရေးဘီးလူးအခြေ အနေ အရှေ့တန်းမှာ အခုလို လမ်းလျှောက်ရဲလား ခေါင်းစိမ်းတို့” စာသားပိုစ့်တင်ထားသည့် အောက်၌ လင်းလက် လမင်းအကောင့်ဖြင့် “ခုလိုမြင်ရ ဝမ်းသာပါတယ် ညီကိုရေ အရာအားလုံး ဂရုစိုက်ပါ” Comment စာသား ဝင်ရေးခြင်းများကိုပြုလုပ်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ရေးဘီလူး Facebook Page မှတင်သည့် ပိုစ်တင်တိုင်းတွင် Comment စာသားရေးသားခြင်း၊ Like/အသည်း ပေးခြင်းများ ပြုလုပ်ခဲ့သူ ဇင်မင်းခိုင်(ခ)မင်းမင်းအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က) ဖြင့် အမှုဖြင့်အ ရေးယူကာ ဖမ်းဆီး စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ချက်အရသိရှိရသည်။

ရေးဘီလူး Facebook Page မှတင်သည့် ပိုစ်အောက်တွင် Comment ရေးသားသည်ဟုဆိုကာ Phoo Pwint Wai အကောင့်ဖြင့် ဖွင့်လှစ်သုံးစွဲ လျက်ရှိသည့် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မဖူးပွင့်ဝေ(ခ)သမီးပုဆိုသူကို ယမန်နေ့ကဖမ်း ဆီးကာ သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၂(က) ဖြင့် အမှုဖြင့်အ ရေးယူစစ်ဆေးလျှက်ရှိသည်။


Leave a Reply