ရေဘေးမှာလဲ အT-က်ပေးလိုက်ကြရတဲ့ ၅/ တွေ

စစ်ကိုင်းရေဘေး သေဆုံးသူ ၉ ဦးအထိ ရှိလာ၊ ရေ ဆက်တိုးနေ

စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးမှုကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ ရှိလာပြီး ရေမကျသေးဘဲ ရေဆက်လက် တိုးနေကြောင်း သိရသည်။

ရေကြီးရေလျှံမှုများအတွင်း ဩဂုတ်လ ၆ ရက်တွင် ဒီပဲယင်းမြို့နယ်၊ ချောင်းရိုးကျေးရွာ၌ ချောင်းဖြတ်ကူးသည့် ကောက်စိုက်သမ ၁၀ ဦးအနက် ခြောက်ဦး သေဆုံးခဲ့သလို၊ ဩဂုတ်လ ၈ ရက်နေ့တွင် ရွှေဘိုမြို့နယ်၌ လှေမှောက်၍ သားအဖနှစ်ဦး၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျွန်းတောကြီးရွာမှ အမျိုးသမီးတဦး သေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။

မြေပြင်သတင်းရင်းမြစ်တဦးက “သဖန်းဆိပ်မှာတော့ တပေခန့် ကျသွားတယ်လို့ တွေ့ရပေမဲ့ ကာဘိုးဆည်မှာတော့ တန့်ဆည်ကြားမှာရှိတဲ့ စည်တုံးလုံးချောင်းနဲ့ အခြားသော ကန့်ဘလူကြားမှာရှိတဲ့ ချောင်းတွေကြောင့် ကန့်ဘလူ ကာဘိုးဆည်မှာ ရေ သုံးပေလောက် ထပ်တက်လာတာရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် မူးမြစ်နှင့် မြစ်လက်တက် ချောင်းရေများ စီးဆင်းရာ တလျှောက်ရှိ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ အရာတော်၊ ကောလင်း၊ ဝက်လက်၊ မြင်းမူ မြို့နယ်များအတွင်း ရေဝင်ရောက်နေပြီး သောင်းနှင့်ချီသည့် ဒေသခံများနှင့် စစ်ဘေးရှောင်များအတွက် ကယ်ဆယ်ရေး အကူအညီများစွာ လိုအပ်လျက်ရှိသည်။

သဖန်းဆိပ်ဆည်ရေ ကျသွားသော်လည်း ကာဘိုးဆည်ရေ တိုးလာသည့်အတွက် ရေဦးနှင့် တန့်ဆည် အစပ်ရှိ ရွာများတွင် ရေတိုးနေသည့် အခြေအနေရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

“ညပိုင်းလောက်ဆိုရင် ဒီပဲယင်းနဲ့ ခင်ဦးမှာ ရေတက်နိုင်ခြေ ရှိပါတယ်။ မနက်ဖြန်လောက်ဆိုရင် ဒီရေတွေက ရွှေဘိုနဲ့ ဝက်လက်ကို ရောက်နိုင်ပါတယ်” ဟု သတင်းရင်းမြစ်က ယနေ့ ပြောသည်။

ဩဂုတ်လ ၄ ရက်နေ့မှစ၍ စစ်ကိုင်းအထက်ပိုင်း ဒေသများ၌ မိုးကြီးရာမှ မြစ်၊ ချောင်းများ ရေတိုးလာပြီး သဖန်းဆိပ်ရေလှောင်တမံ၊ ကင်းတပ်ရေလွှဲဆည်၊ ကာဘိုးဆည်တို့မှ ရေပိုများကို မူးမြစ်အတွင်းသို့ လွှဲထုတ်ခြင်း၊ မိုးဆက်လက် ရွာသွန်းနေ၍ မြစ်ရေတက်ခြင်းတို့ကြောင့် မူးမြစ်နှင့် မူးမြစ်လက်တက်များ၌ ထူးကဲစွာ မြစ်ရေမြင့်တက်လာပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားရခြင်းဟု သိရသည်။

ဒီပဲယင်းမြို့နယ်တွင် ကျေးရွာ ၂၁ ရွာ၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းတွင် ကျေးရွာ ၁၉ ရွာ၊ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်း၌ ကျေးရွာ ၁၅ ရွာ၊ ကန့်ဘလူတွင် ကျေးရွာ ၁၄ ရွာ၊ တန့်ဆည်၌ ကျေးရွာ ၂၀ ရွာ၊ ရေဦးမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များ သာမက ကျေးရွာ ၅၀ ကျော်၊ ရွှေဘို၌ ကျေးရွာ ၂၀ ခန့် အပါအဝင် မူးမြစ်နှင့် မြစ်လက်တက် ကမ်းတလျှောက်ရှိ ရွာပေါင်း ၂၀၀ ခန့် ရေဘေးသင့်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများအနက် ဖျားနာသူများ၊ ဝမ်းပျက်ဝမ်းလျော ဖြစ်သူများ၊ ယားနာပေါက်သူများလည်း ရှိနေပြီး ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ စောင်၊ ခြင်ထောင် စသည့် အခြေခံ လိုအပ်ချက်များစွာ ရှိနေသည်။ ထို့ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် တော်လှန်ရေး အင်အားစုများနှင့် ဒေသတွင်း လူမှုအရပ်ဘက် အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက် ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေ အားကောင်းနေပြီး ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၀ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းများ


Comments

Leave a Reply

Your email address will not be published. Required fields are marked *