ဧရာဝတီမြေကို မနင်းရဲတဲ့ မင်းအောင်လှိုင်

ဧရာဝတီတိုင်း ရေဘေး မြေပြင်ဆင်းမကြည့်ဘဲ ရဟတ်ယာဉ်ဖြင့်သာ ကြည့်ရှုခဲ့သည့် မင်းအောင်လှိုင်ကို စစ်တပ်အသိုင်းအဝိုင်းကပါ ပြန်လည်ဝေဖန်

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်နေသည့် လေးမျက်နှာမြို့နယ်သို့ ဩဂုတ်လ ၉ ရက်တွင် သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တကယ့် မြေပြင်ရေဘေးသင့်နေရာများသို့ ဆင်းမကြည့်ဘဲ ရဟတ်ယာဉ်ဖြင့်သာ လှည့်လည်ကြည့်ရှုခဲ့သည့်အတွက် စစ်တပ်အသိုင်းအဝိုင်းကပင် ပြန်လည်ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇူလိုင်လ ၃၁ ရက်မှစ၍ ၁၀ ရက်အကြာ ရေကြီးရေလျှံနေသည့် လေးမျက်နှာမြို့နယ်သို့ ဩဂုတ်လ ၉ ရက်တွင် သွားရောက်ခဲ့သော်လည်း ရေဘေးသင့်နေရာများသို့ ထဲထဲဝင်ဝင် သွားရောက်ခဲ့ခြင်း မရှိဘဲ လဟာပကျေးရွာရှိ လဟာပကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူ အချို့နှင့် တွေ့ဆုံခြင်း၊ ငဝန်ရေကာတာ ကျိုးပေါက်မှုကို ရဟတ်ယာဉ်ပေါ်မှ ပတ်ကြည့်ခြင်းတို့ကိုသာ ပြုလုပ်ခဲ့သည်။

မင်းအောင်လှိုင်၏ ရေဘေးသွားရောက်သည့် ပုံရိပ်များနှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့နယ်ရှိ တပ်ရင်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် စစ်သက် ၃၀ ကျော် ရဲဘော်တစ်ဦးက “အလကား နှမ်းသွားဖြူးတာ” ဟု ဝေဖန်ပြောဆိုသည်။

“ဒါမျိုး မဖြစ်သင့်ဘူး၊ တကယ့်မြေပြင်ကို ဆင်းသင့်တယ်၊ အဲဒါမှ ပြည်သူတွေ ဘာဖြစ်နေလဲဆိုတာကို ထဲထဲဝင်ဝင် သိရမှာ၊ အခုက သူများပြောသလောက်ပဲ နားထောင်ပြီး သိရမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် လူမှုကွန်ရက်ပေါ်တွင်လည်း ပြည်သူများက ရေဘေးသင့်နေရာများသို့ ဖိနပ် ရွှံ့တစ်စက်မျှ မပေဘဲ သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင်၏ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောင်လှောင်လျက် ရှိကြသည်။

မင်းအောင်လှိုင်ကမူ ဧရာဝတီတိုင်းအတွင်း ရေဘေးသင့် ပြည်သူများ၏ အခက်အခဲများ လျော့ပါးသက်သာစေရန်နှင့် မူလလူမှုဘဝ အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေးအတွက် အစိုးရက တတ်နိုင်သမျှ ကူညီမည်ဟု ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ ကိုဆန်းက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများ ကြုံတွေ့နေရသည့် မူလဘဝမှာ ငတ်ပြတ်နေသည့် ဘဝသာဖြစ်ကြောင်း မေးခွန်းထုတ် ဝေဖန်ပြောဆိုသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း ရေဘေးကြောင့် လူသေဆုံးမှုများ ရှိနေပြီး ၁၁ ရက်မြောက်ဖြစ်သည့် ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့အထိ ငဝန်တာကျိုးပေါက်မှုကို ပိတ်ဆို့နိုင်ခြင်း မရှိသေးပေ။

အလားတူ ရေဘေးသင့် ပြည်သူများမှာလည်း စစ်အုပ်စုထံမှ လုံလောက်သည့် အကူအညီများ မရရှိကြဘဲ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များလည်း မနိုင်မနင်း ဖြစ်နေရဆဲ ဖြစ်သည်။

ယင်းတာကျိုးပေါက်မှုကြောင့် လေးမျက်နှာဒေသခံ လေးသောင်းကျော်ရေဘေးသင့်နေသည်ဟု စစ်အုပ်စုလက်အောက်ခံ ဧရာဝတီတိုင်းအစိုးရက ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် သိန်းနှင့်ချီရှိနိုင်သည်ဟု ကယ်ဆယ်ရေးသမားများက ခန့်မှန်းပြောဆိုထားသည်။

လေးမျက်နှာ ရေဘေးသင့်ပြည်သူများသည် မြို့နယ်အတွင်းရှိ ရေလွတ်ရာ ဘုန်းကြီးကျောင်းများတွင် ရေဘေးရှောင်နေသူများရှိသလို နီးစပ်သည့် ငါးသိုင်းချောင်းနှင့် ဟင်္သာတမြို့နယ်များသို့လည်း တိမ်းရှောင်နေကြသည်ဟု သိရသည်။

ဓာတ်ပုံ – စစ်အုပ်စုမီဒီယာ


Comments

Leave a Reply

Your email address will not be published. Required fields are marked *