ဈေးရောင်းပြီး လှေစီးပြန်လာကြတဲ့ တူအရီးနှစ်ယောက်ရဲ့ ကြေကွဲဖွယ်အဖြစ်ဆိုး

ဈေးရောင်းပြီးပြန်လာတဲ့ လှေတိမ်းမှောက်လို့ အသက် ၄ နှစ်အရွယ် ကလေးငယ်နဲ့အတူ ဦးလေးဖြစ်သူပါ ရေနစ်သေဆုံး

မြိတ်နဲ့ ထားဝယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ တနင်္သာရီမြစ်ထဲမှာ လှေတစ်စီး တိမ်းမှောက်ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၅ ရက်နေ့က တနင်္သာရီမြို့နယ်၊ အောင်သာဝရ ကျေးရွာအနီးမှာ ရေဝဲကြောင့် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကုန်ခြောက်ပစ္စည်းတွေကို သတ္တုလုပ်ကွက်တွေမှာ သွားရောင်းပြီး ပြန်လာတဲ့ လှေဖြစ်တယ်လို့ သိရပါတယ်။

“သတ္တုလုပ်ကွက်တွေကို ပုံမှန်ဈေးသွားရောင်းပြီး အပြန်မှာ ဖြစ်တာ၊ လှေပေါ်မှာ ကလေးကော အပါအဝင် ၅ ယောက် ပါလာတာ၊ လှေမှောက်တော့ ကလေးကို လိုက်ဆယ်ရင်းနဲ့ ဦးလေးပါ ဆုံးသွားတယ်လို့ ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လှေပေါ်မှာ လှေမောင်းသူ အပါအဝင် ၅ ဦး လိုက်ပါလာကြတာဖြစ်ပြီး အဲ့ဒီထဲက ၃ ဦးသာ အသက်ရှင်ကျန်ခဲ့ကာ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသူတွေဟာ တကူကျေးရွာက အသက် ၄၂ အရွယ် ဦးအောင်ဆန်းချစ်နဲ့ သူရဲ့တူမဖြစ်သူ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

“အလောင်းတွေက ၈ ရက်နေ့ကမှ ပြန်တွေ့တာ၊ ၃ ရက်လောက်ကြာတယ်၊ ရေတက်နေတဲ့ အချိန်လည်းဖြစ်တော့ ပေါ်လာမှပဲ လိုက်ဆယ်ရတာ၊ မနေ့ကပဲ တခါတည်း ရွာမှာ သင်္ဂြိုဟ်လိုက်ကြတယ်” လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

ရုပ်အလောင်းတွေကို ၃ ရက်ကြာပြီးနောက် ဩဂုတ်လ ၈ ရက်နေ့က လှေမှောက်ခဲ့တဲ့ နေရာအနီးမှာ ပြန်လည်ရှာတွေ့ခဲ့ပြီး တကူးကျေးရွာမှာပဲ မီးသင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ