ဆိုးသွမ်းသူ အနည်းငယ်ကြောင့် အများပါ သိက္ခာကျရတဲ့ ဖူးခတ်က မြန်မာကျောင်းသူ/ကျောင်းသား မောင်နှမ ဖြစ်စဉ်
ဖြစ်စဉ်အစကတော့ အသက် (၁၃) နှစ်အရွယ် မြန်မာကျောင်းသူနဲ့ အသက် (၁၄) နှစ်အရွယ် ထိုင်းကျောင်းသူတို့ ဆိုရှယ်မီဒီယာပေါ်မှာ စကားများ ရန်ဖြစ်ကြရာကနေ စတင်ခဲ့တာပါ။
ပြီးခဲ့တဲ့ (၆) ရက်နေ့မှာ မြန်မာကျောင်းသူက သူငယ်ချင်း စာအုပ်ကျန်ခဲ့လို့ လာပေးတာဆိုပြီး အကြောင်းပြကာ ထိုင်းကျောင်းသူ တက်နေတဲ့ ကျောင်းထဲကို အဖော်တွေနဲ့အတူ ဝင်ရောက်သွားခဲ့ပါတယ်။

အဲဒီနောက် ထိုင်းကျောင်းသူကို အိမ်သာထဲ ဆွဲခေါ်သွားပြီး ပါးရိုက်၊ အိမ်သာခွက်ထဲ ခေါင်းထည့်၊ ထိုင်ရှိခိုးခိုင်းရုံတင်မကဘဲ ရှိခိုးနေတဲ့ မျက်နှာကိုပါ ခြေထောက်နဲ့ ကန်ခဲ့ပါတယ်။
ဒီရိုက်နှက်စော်ကားမှုတွေကို အဖော်ပါလာသူတွေက ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ် ဖြန့်ဝေခဲ့ကြတာပါ။
အရိုက်ခံရတဲ့ ထိုင်းကျောင်းသူရဲ့ မိခင်က သိသွားပြီး တိုင်ကြားခဲ့ရာမှာ မြန်မာကျောင်းသူဘက်က နစ်နာကြေး ဘတ် (၃၀၀၀) ပေးခဲ့ပေမဲ့ ထိုင်းမိခင်က လက်မခံခဲ့ပါဘူး။
ဒီအမှုကို စစ်ဆေးနေစဉ်မှာပဲ နောက်ထပ် အနိုင်ကျင့်ခံရသူ ကျောင်းသားမိဘတစ်ဦးကလည်း ထပ်မံတိုင်ကြားလာခဲ့ပါတယ်။

အနိုင်ကျင့်သူ မြန်မာကျောင်းသူမှာ အသက် (၁၅-၁၆) နှစ်အရွယ် အစ်ကိုတစ်ဦးရှိပြီး မောင်နှမနှစ်ယောက်စလုံးက ကျောင်းမှာ ၅ တန်း အတူတက်နေကြတာ ဖြစ်ပါတယ်။
အသက်အရွယ်အရ ၈ တန်း/၉ တန်း ရောက်နေရမယ့်သူတွေက ၅ တန်းကျောင်းသားတွေကို လိုက်လံအနိုင်ကျင့်နေကြတာပါ။

ထပ်မံတိုင်ကြားတဲ့ မိခင်ရဲ့ ပြောပြချက်အရ အဆိုပါ မြန်မာကျောင်းသူရဲ့ အစ်ကိုဖြစ်သူဟာ ခဲတံချွန်စက်ထဲက ဓားသွားကို ဖြုတ်ပြီး သူ့ကလေးရဲ့ ကျောပိုးအိတ်ကို လှီးဖြတ်ခဲ့တာကြောင့် ကလေးက ကြောက်လန့်နေခဲ့ရတယ်လို့ သိရပါတယ်။
ကျောင်းက ကလေးအတော်များများလည်း ဒီမောင်နှမနှစ်ယောက်ရဲ့ အနိုင်ကျင့်မှုကို ခံနေကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အနိုင်ကျင့်ခဲ့တဲ့ မြန်မာကျောင်းသူက အမှုကိစ္စအတွက် မကြောက်ဘူးဆိုပြီး (၉) ရက်နေ့မှာ ဆိုရှယ်မီဒီယာပေါ် ထပ်မံရေးသားခဲ့ပါသေးတယ်။
နောက်ဆုံးရရှိတဲ့ သတင်းများအရ –
ထိုင်းကျောင်းသူအား အုပ်စုဖွဲ့ အကြမ်းဖက်ခဲ့သည့် မြန်မာကျောင်းသူ ကျောင်းတက်ခွင့် ရပ်နားခံရ
ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်၊ ထလန်းမြို့နယ်ရှိ ကျောင်းတစ်ကျောင်း၏ သန့်စင်ခန်းအတွင်း၌ အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးအား အခြားကျောင်းမှ ၁၃ နှစ်အရွယ် မြန်မာကျောင်းသူတစ်ဦးက အပေါင်းအပါများနှင့်အတူ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်ကြောင့် အဆိုပါ မြန်မာကျောင်းသူအား သက်ဆိုင်ရာ ကျောင်းက ကျောင်းနားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက် မွန်းလွဲပိုင်းက လူမှုကွန်ရက်ပေါ်တွင် အပြန်အလှန် အတင်းအဖျင်း ပြောဆို လှောင်ပြောင်ကြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာကျောင်းသူသည် အခြားကျောင်းဆောင်အထိ သွားရောက်ကာ ထိုင်းကျောင်းသူအား ကျောင်းရေချိုးခန်းအတွင်းသို့ ခေါ်ဆောင်၍ ပါးရိုက်ခြင်း၊ ထိုးကြိတ်ခြင်းနှင့် ရေပုံးအတွင်း ခေါင်းနှစ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် ထိုင်းကျောင်းသူအား ၎င်း၏ ခြေထောက်ကို ဦးခေါင်းညွှတ် ရှိခိုးခိုင်းပြီး ခေါင်းငုံ့ချိန်တွင် မျက်နှာကို ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ကျောက်ခဲ့သည်။ ယင်းသို့ ရိုက်နှက်နေစဉ် အပေါင်းအပါ မိန်းကလေးများက တားဆီးခြင်းမရှိဘဲ ဗီဒီယိုရိုက်ကူးနေခဲ့ကြပြီး အဆိုပါ ရုပ်သံမှာ လူမှုကွန်ရက်ပေါ်သို့ ပျံ့နှံ့သွားခဲ့သည်။

ဖြစ်ပွားသည့်နေ့တွင် နှစ်ဖက်မိဘများနှင့် ချိန်းသလေး ရဲစခန်း၌ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ရိုက်နှက်ခံရသည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာပြီးနောက် နစ်နာသူ မိခင်ဖြစ်သူက လက်မခံနိုင်သဖြင့် ဩဂုတ်လ ၆ ရက်နေ့တွင် အမှုဖွင့် တိုင်ကြားခဲ့သည်။ စစ်ဆေးချက်များအရ အဆိုပါ အကြမ်းဖက်မှုတွင် မိန်းကလေး စုစုပေါင်း ၆ ဦး ပါဝင်ပတ်သက်နေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ထိုင်းလူမှုကွန်ရက် အသုံးပြုသူများကြား ပြင်းထန်စွာ ဒေါသထွက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် သက်ဆိုင်ရာ ကျောင်းအာဏာပိုင်များက ကျူးလွန်သူ မြန်မာကျောင်းသူအား ကျောင်းသို့ ထပ်မလာရန်နှင့် ကျောင်းမှ ထုတ်ပယ်ရန် အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
(၁၀) ရက်နေ့ ဖူးခတ်သတင်းမှာ ဖော်ပြချက်အရ အဆိုပါ မြန်မာကျောင်းသူကို ကျောင်းဘက်က စစ်ဆေးပြီး ကျောင်းကနေ မောင်းထုတ်လိုက်ပြီဖြစ်ကြောင်းနဲ့ အစ်ကိုဖြစ်သူရဲ့ အနိုင်ကျင့်မှုတွေကိုပါ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကျောင်းသားမိဘတွေရဲ့ ပြောကြားချက်အရ ကလေးတွေမှာ ကောင်းသူရော ဆိုးသူပါ ရှိကြပေမဲ့ ဒီလို ဆိုးသွမ်းသူ အနည်းငယ်ရဲ့ သောင်းကျန်းမှုကြောင့် ထိုင်းမှာ စည်းကမ်းရှိရှိ၊ ကြိုးကြိုးစားစား စာသင်ယူနေကြတဲ့ အပြစ်မဲ့ မြန်မာကျောင်းသူ/ကျောင်းသားလေးတွေပါ သိက္ခာကျပြီး အနေရခက်တဲ့ အခြေအနေတွေ ကြုံတွေ့နေကြရပါတယ်။



Leave a Reply