စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်များ စိုးမိုးထားသော ရေဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးသွားမည့်သူများကို စစ်တပ်က စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းခွင့်မပေးဘဲ ပစ္စည်းများ သိမ်းယူပိတ်ပင်
စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်များ စိုးမိုးထားသည့် ရေဘေးသင့်ဒေသများသို့ ရေဘေးကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ သွားရောက်ပေးအပ်မည့် ပရဟိတအဖွဲ့များကို စစ်တပ်က စစ်ကိုင်းတံတားရှိ စစ်ဆေးရေးဂိတ်တွင် တားဆီးပြီး ဖြတ်သန်းခွင့်မပေးဘဲ ကယ်ဆယ်ရေးပစ္စည်းများကို သိမ်းယူပိတ်ပင်နေကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
မန္တလေးမြို့မှ စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးလုပ်ဆောင်ရန် သွားရောက်မည့် ပရဟိတအဖွဲ့များကို စစ်ကိုင်းတံတားရှိ စစ်ဆေးရေးဂိတ်တွင် စစ်တပ်က တားဆီးထားပြီး ဖြတ်သန်းခွင့်မပေးကြောင်း သိရသည်။

“မန္တလေးကနေ စစ်ကိုင်းဘက်ကို ရေဘေးကူညီကယ်ဆယ်ရေးလုပ်ဖို့ ပရဟိတအဖွဲ့တွေ လာကြတယ်။ အဲဒါကို စစ်ကိုင်းတံတားမှာရှိတဲ့ စစ်သားတွေက တားထားပြီး ဖြတ်ခွင့်မပေးဘူး။ မနေ့ကဆိုရင် တောင်မြို့ကနေ ဖိုက်ဘာလှေ ၃ စီးနဲ့ ပို့ဖို့လုပ်တာ ၁ စီးပဲ ခွင့်ပေးတယ်။ ကျန်တဲ့လှေတွေ သယ်ယူခွင့်မပေးဘူး” ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောကြားသည်။
ယင်းအပြင် ရေဘေးကယ်ဆယ်ရေး ဆန်၊ဆီ၊ ဆားနှင့်ဆေးဝါးများ၊ အဝတ်အထည်များ၊ အမျိုးသမီးသုံး လစဉ်သုံး ပစ္စည်းများကို သယ်ယူရန် ကြိုးပမ်းမှုများကိုလည်း စစ်တပ်က တားဆီးပြီး ပစ္စည်းများကို စစ်ကိုင်းတံတားဂိတ်တွင်ပင် သိမ်းယူနေကြောင်း သိရှိရသည်။

လတ်တလော စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်ဒေသများတွင် ရေ အနည်းငယ် ပြန်ကျဆင်းလာသော်လည်း မိုးဆက်လက်ရွာသွန်းနေခြင်း၊ နေအိမ်များ ရေနစ်မြုပ်နေခြင်းနှင့် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေခြင်းတို့ကြောင့် အရေးပေါ် ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူ အညီများ ဆက်လက်လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကိုင်းတိုင်းတွင် သဖန်းဆိပ်ရေကာတာ ကြံ့ခိုင်ရေးအတွက် ရေများ လွှတ်ထုတ်လိုက်ခြင်းကြောင့် မူးမြစ်အတွင်း ရေအရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ဝက်လက်၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘိုနှင့် ရေဦးမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။
ဝက်လက်မြို့နယ် အနောက်ခြမ်း မူးမြစ်ကမ်းဘေးရှိ စွယ်ကွေ့၊ မူးကြိုး၊ ဥယျာဉ်သာ၊ တည်တော၊ သမရိုး၊ ကိုင်း၊ နဘဲလှ၊ ရွှေအိုးရ၊ မင်းကန်၊ သရက်ချို၊ ကျောက်ကုံး၊ ဥယျာဉ်သာ (မ)၊ မြင်းသီ၊ ကျောက်တိုင်၊ မူးကမ်းလေးအပါအဝင် ကျေးရွာ ၂၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၁ ရက်အထိ ရေအနည်းငယ် ပြန်လည်ကျဆင်းလာသော်လည်း စစ်ဘေးရှောင်တဲများနှင့် ရေဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ ဆက်လက်လိုအပ်နေကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်တွင်လည်း ရုံးသာ၊ သပြေသာ၊ ဝဲကြီး၊ ကုန်းကြီး၊ ချောင်းပေါက်၊ နများ၊ မူးရိုးကုန်း၊ ပေါက်ရင်း၊ လက်ဆည်၊ မစိုးရိမ်၊ ကြူတော၊ မူးသစ်၊ လက်လှုပ် (တ)၊ အုဌ်ဆည်၊ မူးကမ်းဆူးတပ်၊ လက်လှုပ် (မ)၊ မြကန်သာ၊ ဆင်ကျွန်၊ သစ်ဆိမ့်၊ ချောင်းမီးတိုနှင့် ကျွဲတိုးခြုံ စသည့် ကျေးရွာ ၂၁ ရွာမှ လူဦးရေ စုစုပေါင်း ၂၅,၆၂၄ ဦး ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း သိရသည်။
ရေဘေးကြောင့် ချောင်းရိုးကျေးရွာမှ အမျိုးသမီး ၆ ဦးနှင့် ကြူတောကျေးရွာမှ အမျိုးသမီး ၁ ဦး စုစုပေါင်း အမျိုးသမီး ၇ ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။
ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကြောင်ရှာတော၊ ရေကြည်ဝ၊ ထူးကြီး၊ တည်ပင်၊ သန်းတော၊ သံပုရာခြံ၊ မအူပင်၊ ရုံးတော၊ ညောင်ကိုင်း၊ ညောင်ပင်လှ၊ သောင်ထွဠ်ကိုင်း၊ ကူတိုးဆိပ်၊ ရေတော်မူ၊ ဝန်းစည်၊ သပွတ္တော၊ မင်းပေးနှင့် တညင်းကုန်း စသည့် ကျေးရွာ ၁၇ ရွာတွင် လူဦးရေ ၁၉,၅၉၃ ဦး ရေဘေးသင့်လျက်ရှိကြောင်း သိရသည်။

အဆိုပါဒေသများတွင် သောက်ရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ် ပကဖနှင့် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုတို့က ထမင်းထုပ်၊ အသင့်စားမုန့်၊ ခေါက်ဆွဲခြောက်နှင့် ဓာတ်ဆားများကို တတ်နိုင်သမျှ သွားရောက်ကူညီပေးလျက်ရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် ဩဂုတ်လ ၇ ရက် နံနက်ပိုင်းမှစတင်၍ ရေဝင်ရောက်ခဲ့ပြီး ကျွန်းတောကြီး၊ ယာတော်၊ ကားဆိပ်၊ ရွာသစ်၊ အင်းပတ်၊ မူးသာ၊ ဇီးတော၊ လက်ပံကွက်၊ သက်ပေး၊ တာတိုင် စသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၁၉ ရွာနီးပါး ရွာလုံးကျွတ် ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။
အချို့ကျေးရွာများတွင် ရေပြန်ကျလာသော်လည်း မြေနိမ့်ပိုင်းရှိ နေအိမ်များ ရေနစ်မြုပ်နေဆဲဖြစ်သဖြင့် ဒေသခံများ နေအိမ်များသို့ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးဘဲ ဘေးလွတ်ရာတွင် ဆက်လက်ခိုလှုံနေရကြောင်း သိရသည်။
ရေဦးမြို့နယ်တွင်လည်း ဩဂုတ်လ ၆ ရက်မှစတင်၍ ရေဦးမြို့ပေါ်ရှိ ရပ်ကွက်အများစုအပါအဝင် မြောက်ဘက်၊ အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၄၀ ထက်မနည်း ရေဝင်နစ်မြုပ်နေကြောင်း သိရသည်။ လက်ရှိတွင် ရေအနည်းငယ် ပြန်ကျသွားသော်လည်း ပြည်သူအများစုမှာ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

စစ်ဘေးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အခြေခံအဆောက်အအုံများနှင့် နေအိမ်များ ဆုံးရှုံးထားရသည့် ပြည်သူများသည် ယခုအခါ ရေဘေးအန္တရာယ်ကိုပါ ထပ်မံရင်ဆိုင်နေရသဖြင့် အဝတ်အထည်၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ် ကူညီထောက်ပံ့ပေးရန် လူမှုကူညီရေးအဖွဲ့များနှင့် စေတနာရှင်များထံ အကူအညီတောင်းခံနေကြကြောင်း သိရသည်။
“ရေက အနည်းငယ် ပြန်ကျတယ်ဆိုပေမယ့် မိုးက ဆက်ကောင်းနေတုန်းဆိုတော့ ရေက တန့်နေတုန်းပဲ။ ကျေးရွာအများစုက ရေနစ်မြုပ်နေတုန်းဆိုတော့ ပြည်သူတွေ နေရပ်မပြန်နိုင်သေးဘူး။ အခုက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါ ပြတ်တောက်နေတယ်။ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေပါတယ်” ဟု ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။



Leave a Reply