ကျန်းမာရေးမကောင်းတာ ဆေးခန်းမပြဘဲ ရွှေရင်ကျော်ဆရာကို သွားပြတာ ဆရာလက်ချက်ဖြင့် လူငယ်တစ်ဦး T-ဆုံး

ကျန်းမာရေးမကောင်းတာ ဆေးခန်းမပြဘဲ ရွှေရင်ကျော်ဆရာကို သွားပြတာ ဆရာလက်ချက်ဖြင့် လူငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွား

​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အေကေချိုင်ဘန်ဘောရပ်ကွက်၊ ၆၄/၇ ရှိ ကွန်ဒိုတစ်ခုတွင် နေထိုင်သည့် အသက် (၃၂) နှစ်အရွယ် မြန်မာနိုင်ငံသား ကိုကျော်သက်အောင် (ဇာတိ – ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ညောင်ချောင်းကျေးရွာ) သည် မကျန်းမမာဖြစ်ရာမှ ယုံကြည်ကိုးကွယ်မှုဖြင့် ရွှေရင်ကျော်ဆရာဆိုသူထံ သွားရောက်ကုသခဲ့ရာမှ သေဆုံးသွားခဲ့သည့် ဝမ်းနည်းဖွယ် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

​ဖြစ်စဉ်မှာ ကိုကျော်သက်အောင်သည် နေမကောင်းဖြစ်သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်၍ မသက်သာသဖြင့် ရွှေရင်ကျော်ဆရာဆိုသူထံ သွားရောက်ပြသခဲ့ရာ အဆိုပါဆရာက “ပူးကပ်နေသည်” ဟုဆိုကာ လူနာအား ရိုက်နှက်ကုသခဲ့သဖြင့် တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ရရှိခဲ့သည်။

ထို့အပြင် ဦးခေါင်းကိုလည်း အပ်ဖြင့် ထိုးကုသခဲ့ရာ အပ်၏ သံချေးများ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ မေးခိုင်ပိုးဝင်သွားခဲ့ပြီး ခန္ဓာကိုယ်အတွင်း သွေးယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့သည်။

​ထို့နောက် အခြေအနေ ဆိုးရွားလာသဖြင့် ဆေးရုံအရေးပေါ်သို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံရောက်ပြီး (၂) ရက်အကြာတွင် ကွယ်လွန်သွားခဲ့ရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ရွှေရင်ကျော်ဆရာဆိုသူသည် လူနာသေဆုံးမှုအပေါ် လာရောက်ကြည့်ရှုခြင်း သို့မဟုတ် သတင်းမေးမြန်းခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

​လက်ရှိတွင် သေဆုံးသူ၏ မိသားစုဝင်များက အဆိုပါ ရွှေရင်ကျော်ဆရာအား တရားဥပဒေအရ အရေးယူနိုင်ရန် တရားစွဲဆိုဖို့ ပြင်ဆင်လျက်ရှိသည်။

​ကျန်းမာရေးနှင့် ပတ်သက်၍ အယူသီးမှုများကို ယုံကြည်ကာ မသိနားမလည်သူများထံ ပြသကုသခြင်းကြောင့် အသက်ဆုံးရှုံးရမှုများစွာ ဖြစ်ပွားလျက်ရှိရာ မကျန်းမမာဖြစ်ပါက သိပ္ပံနည်းကျ ဆရာဝန်များ၊ ဆေးရုံ/ဆေးခန်းများနှင့်သာ စနစ်တကျ ပြသကုသကြရန် နှိုးဆော်ထားကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ