ညောင်ဦး ပျူစောထီးခေါင်းဆောင် နောင်နောင်ကို အလင်းဝင်မည်ဟု ခေါ်ယူပြီး အနီးကပ် ပစ်ခတ်၍ သေဆုံး
ညောင်ဦးမြို့နယ်မှ ပျူစောထီးခေါင်းဆောင် နောင်နောင်နှင့် အဖွဲ့ကို အလင်းဝင်ရောက်မည်ဟု ဖြားယောင်ခေါ်ဆောင်ကာ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ပျူစောထီးခေါင်းဆောင်ကို အလင်းဝင်ရောက်လိုသည်ဟု ချိန်းဆိုခဲ့ပြီး ဧရာဝတီမြစ်တစ်ဖက် ကမ်း မြစ်ခြေမြို့နယ်သို့ ရောက်ရှိလာစဉ် အနီးကပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၀ ရက် မနက် ၁၁ နာရီခန့်တွင် ညောင်ဦးဘက်မှ စက်လှေဖြင့် ကူးလာသည့် ပျူစောထီးခေါင်းဆောင်နှင့် အဖွဲ့ကို မြစ်ခြေမြို့ ကမ်းနားအရောက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“အလင်းဝင်ချင်လို့ လာခေါ်ပါဆိုပြီး သူတို့ကို ခေါ်ခဲ့တာ။ အဲဒါကို သူတို့က ညောင်ဦးတစ်ဖက်ကမ်းကနေ စက်လှေနဲ့ လာခေါ်တာ။ ကမ်းနားရောက်ခါနီးမှ အနီးကပ် ပစ်ခတ်ရှင်းလင်းလိုက်တာ” ဟု ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင် နောင်နောင်မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက် လိုက် နှစ်ဦးကိုမူ AK သေနတ် နှစ် လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သေဆုံးသူ နောင်နောင်သည် ညောင်ဦးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အတွင်းရေး မှူးဟောင်းတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပြည်သူများကို သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ မိသားစုနေအိမ်တွင် စစ်တပ် တပ်စွဲနိုင်ရေး ဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ သူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
မြစ်ခြေမြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းဝင်ရောက်မှုနှင့် နယ်မြေစစ်ရေး အခြေအနေ များကြောင့် ဖြစ်စဉ်ဖြစ်ပွားပြီး အချိန်ကြာမြင့်မှ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ထို့ပြင် မေလ ၃၁ ရက်ကလည်း မြစ်ခြေမြို့အတွင်း စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီ တပ်မ(၁၀၁) လက် အောက်ခံ ဗိုလ်မှူး ဉာဏ်လင်း ဦးဆောင်သည့်အဖွဲ့သည် ပြန်ဆုတ်ချိန်၌ မိုင်းနင်းမိသဖြင့် ဗိုလ်မှူးအပါ အဝင် နှစ် ဦး သေဆုံးခဲ့သည်။
“မြစ်ခြေရဲစခန်း သိမ်းခံထားရပြီးနောက်ပိုင်း ရဲစခန်းနဲ့ မီတာ ၃၀၀ အကွာမှာ သူတို့က ဘန်ကာတွေနဲ့ အခိုင် အမာ တပ်စွဲထားတယ်” ဟု မြစ်ခြေမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ဓာတ်ပုံ-ဧရာဒေါင်း



Leave a Reply