ရေသန့်ကားကဝင်တိုက်လို့ မိဘနှစ်ပါးလုံးကွယ်လွန်သွားမှန်းမသိဘဲ “ဘုရားသွားမယ်” လို့ ပြောနေရှာတဲ့ (၄) နှစ်အရွယ် သမီးငယ်လေး
လောကကြီးမှာ ဒီထက်ဆိုးရွားတဲ့ ကံကြမ္မာ ရှိပါဦးမလား။ မနေ့ကမှ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ ပူဆွေးနေချိန်၊ ဒီနေ့ အမေ့ကို သင်္ဂြိုဟ်မယ့် နေ့မှာပဲ အဖေဖြစ်သူပါ ထပ်မံ ထွက်ခွာသွားခဲ့ရတဲ့ ၄ နှစ်အရွယ် သမီးငယ်လေးရဲ့ အဖြစ်ကတော့ ကြားရသူတိုင်းရဲ့ ရင်ကို ဆို့နင့်သွားစေပါတယ်။
ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဩဂုတ်လ (၃) ရက်နေ့ မနက် (၉) နာရီခွဲကျော်လောက်က ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ရှုခင်းသာပတ်လမ်းမှာ ရုတ်တရက် ဖြစ်ပွားခဲ့တာပါ။
လမ်းဘေးမှာ ရပ်နေတဲ့ လင်မယားနှစ်ဦးအပါအဝင် (၄) ဦးကို ရေသန့်ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ပါတယ်။
ဒီဝမ်းနည်းဖွယ် ယာဉ်တိုက်မှုကြောင့် ဇနီးဖြစ်သူ ဒေါ်ဝေနွယ်အောင် (အသက် ၄၂ နှစ်) ဟာ နေရာမှာတင် ကွယ်လွန်သွားခဲ့ပြီး၊ နောက်ထပ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ယမင်းဌေးကတော့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
ယာဉ်တိုက်ခံရချိန်မှာ လွတ်ရာကို ခုန်ရှောင်နိုင်ခဲ့တဲ့ မျက်မြင်သက်သေ ကိုရန်ပိုင်ဦးကတော့ “ကားက လမ်းအလယ်ကနေ လာပြီး ဝင်ထိုးချသွားတာ။ ပြန်လှည့်ကြည့်လိုက်တော့ သုံးယောက်လုံးကို တိုက်ပြီးသွားပြီ” လို့ ထိတ်လန့်တုန်လှုပ်စွာ ပြန်လည်ပြောပြခဲ့ပါတယ်။
အဆိုးရွားဆုံးနဲ့ အကြေကွဲရဆုံး အချိန်ကတော့ ဩဂုတ်လ (၅) ရက်နေ့ပါပဲ။
ဇနီးဖြစ်သူ ဒေါ်ဝေနွယ်အောင်ကို ကျီစုသုဿန်မှာ သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတဲ့ မနက်ခင်းမှာတင်၊ ဆေးရုံမှာ အသည်းအသန် ကုသမှုခံယူနေတဲ့ ခင်ပွန်းဖြစ်သူ ဦးအောင်ကျော်မင်း ဟာလည်း ဇနီးသည်နောက်ကို ထပ်မံ လိုက်ပါသွားခဲ့ပါတယ်။
လမ်းဘေးမှာ ရပ်နေရင်း အခုလို မထင်မှတ်ဘဲ မိသားစုတစ်ခုလုံး ပြိုကွဲသွားခဲ့ရတာပါ။
ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတဲ့ လင်မယားနှစ်ဦးကို အတူတကွ သင်္ဂြိုဟ်ပေးခဲ့ရပါတယ်။
အခုတော့ အရွယ်နဲ့မမျှအောင် မိဘမဲ့ဘဝကို ရောက်သွားရှာတဲ့ (၄) နှစ်အရွယ် သမီးငယ်လေးပဲ ကျန်ရစ်ခဲ့ပါတော့တယ်။
“နာရေးမှာ ကလေးလေးက သူ့အဖေနဲ့ အမေကို ကြည့်ပြီး ဘုရားသွားမယ်လို့ ပြောလို့ ချက်ချင်း လိုက်ပို့ပေးခဲ့ရတယ်” ဆိုတဲ့ နာရေးကူညီပေးသူ ကိုမှုကြီးရဲ့ စကားက ကြားရသူတိုင်းရဲ့ မျက်ရည်ကို ကျဆင်းစေပါတယ်။
ယာဉ်မဆင်မခြင် မောင်းနှင်ခဲ့တဲ့ ယာဉ်မောင်းကိုတော့ သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ဘယ်အရာကမှ မိဘနှစ်ပါးကို ပြန်မခေါ်ဆောင်ပေးနိုင်တော့ပေမယ့်၊ ဖေဖေနဲ့ မေမေ ပြန်မလာတော့ဘူးဆိုတာကို ကောင်းကောင်း နားမလည်ရှာသေးတဲ့ သမီးငယ်လေးရဲ့ ရှေ့ဆက်ရမယ့် အနာဂတ်ခရီးလမ်းအတွက် အားလုံးက စိတ်မကောင်းစွာနဲ့ ဝိုင်းဝန်းဆုတောင်းပေးနေကြပါတယ်။



Leave a Reply