ရွှေဘိုမြို့နယ်တွင် စစ်တပ်ခန့် ကော့ရွာကျေးရွာ အုပ်ချုပ်ရေးမှူးကို သမက်ဖြစ်သူက သေနတ်ဖြင့် ပစ်သတ်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကော့ရွာကျေးရွာတွင် စစ်ကောင်စီဘက်မှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေသူ ကြည်ဝင်း သည် ဩဂုတ်လ ၁၀ ရက် ညပိုင်းတွင် သမက်ဖြစ်သူ၏ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပစ်သတ်ခံရသူ ကြည်ဝင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ကျေးရွာအတွင်း စစ်ကောင်စီကို ထောက်ခံသူများကို လက်နက်များပေးအပ်ကာ လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထိုအဖွဲ့သည် ကော့ရွာစာသင်ကျောင်းအတွင်း အခြေပြုနေထိုင်ခဲ့ပြီး ကျေးရွာအတွင်း ပဋိပက္ ခများကြောင့် ဒေသခံအများအပြား နီးစပ်ရာ တောတောင်များနှင့် မြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ဆိုသည်။
ကော့ရွာအပြင် အနီးဝန်းကျင်ရှိ တယော်တော၊ တအုံ၊ အုန်းပေါက်နှင့် ဆင်းကွတ်ကျေးရွာများတွင်လည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ မရှိသည့်အချိန်၌ ကြည်ဝင်းက အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းကြောင့် ဒေသခံများက ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် ကော့ရွာသည် စစ်ကောင်စီဘက်နှင့် တော်လှန်ရေးဘက်ဟူ၍ အုပ်စုနှစ်ဖက်ကွဲပြားသည့် အခြေအနေ ဖြစ်လာခဲ့ပြီး နှစ်ဖက်အကြား ပဋိပက္ခများကြောင့် သေဆုံးသူများလည်း ရှိခဲ့ကြောင်း သိရသည်။
ကျေးရွာအတွင်း နေထိုင်သူများနှင့် တောထဲသို့ ထွက်ပြေးနေသူများအကြား သွားလာခွင့်များကိုလည်း နှစ်ဖက်စလုံးက ကန့်သတ်ထားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ကြည်ဝင်းနှင့် ၎င်း၏ မိသားစုဝင်များသည် လွန်ခဲ့သည့် ၄ နှစ်ခန့်အတွင်း ကော့ရွာစာသင်ကျောင်းအတွင်း အခြေပြုနေထိုင်ခဲ့ပြီး ကျေးရွာပြင်ပသို့ မသွားရဲကြကြောင်း၊ထို့အပြင် လွန်ခဲ့သည့် ၁ လခန့်က ကျောက်မြောင်းဘက်မှ ရွှေဘိုမြို့ဘက်သို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကော့ရွာစာသင်ကျောင်းအတွင်း ကြည်ဝင်းတို့အဖွဲ့က ကြိုဆိုပွဲပြုလုပ်ခဲ့စဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ကြည်ဝင်း၏ သမီးဖြစ်သူ မိုးဆေးဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
သမီးဖြစ်သူ မိုးဆေးဦးသေဆုံးမှုနှင့်ပတ်သက်၍ ကြည်ဝင်းနှင့် ၎င်း၏ သမက်ဖြစ်သူအကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းတွင် သမက်ဖြစ်သူက အုပ်ချုပ်ရေးမှူး ကြည်ဝင်းကို သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။
ပစ်ခတ်မှုကြောင့် ကြည်ဝင်း သေဆုံးခဲ့ပြီး ၎င်း၏ သမက်ဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ၊ ကြည်ဝင်း၏ သမက်သည် ရန်ကုန်မှဖြစ်ပြီး အာဏာ သိမ်းပြီးနောက် ကော့ရွာသို့ ရောက်ရှိလာသူဖြစ်ကာ ၎င်းတို့တွင် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရှိရသည။
လက်ရှိတွင် ကြည်ဝင်း၏ မိသားစုအတွင်း ဇနီးဖြစ်သူ ရီဝင်း၊ သားဖြစ်သူ ရဲဝင်းနှင့် အသက် ၂ နှစ်အရွယ် မြေးဖြစ်သူတို့သာ ကျန်ရှိတော့ကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူ ကြည်ဝင်း၏ ဈာပနကိုယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အညာဒေသတွင် စစ်တပ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကို တော်လှန်ရေးရဲဘော်တချို့က ပစ်ခတ်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)



Leave a Reply