တောင်တန်းထဲမှာ ၃ ရက်ကျော် ပျောက်ဆုံးသွားတဲ့ အော်တစ်ဇင် ကလေးငယ်

လမ်းပြမရှိတဲ့ တောနက်ထဲမှာ သူ ဘယ်လို ဆက်ရှင်သန်ခဲ့လဲ

“ကြောက်တယ်”ဆိုတာကို မသိ၊ “ကယ်ကြပါ” လို့ တစ်ခွန်းတောင် မအော်တတ်တဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ နွေရာသီအချိန် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် တောနက်ထဲမှာ တစ်ယောက်တည်း လမ်းပျောက်ခဲ့ပါတယ်။

၈၀ နာရီတိတိ ဆိုတာဟာ မိသားစုတစ်စုအတွက်တော့ ငရဲခန်းတစ်ခုဖြစ်ပြီး၊ မြို့ငယ်လေးတစ်မြို့အတွက်တော့ မီးခိုးတိတ်စစ်ပွဲတစ်ခုပါပဲ။

အသက် ၄ နှစ်အရွယ် ဟောက်ဟောက် ဆိုတဲ့ ကလေးငယ်ဟာ အော်တစ်ဇင် ရောဂါရှိသူဖြစ်ပြီး ကွေ့ကျိုးပြည်နယ် တောနက်ထဲမှာ ၈၀ နာရီတိတိ တစ်ယောက် တည်း လှည့်လည်သွားလာခဲ့ပါတယ်။

သူဟာ အကူအညီတောင်းဖို့ မအော်တတ်သလို၊ မိုးရွာရင်လည်း ရှောင်ဖို့မသိ၊ အန္တရာယ်ဆိုတာကိုတောင် နားမလည်ခဲ့ပါဘူး။

သြဂုတ်လ ၄ ရက်နေ့ ညနေပိုင်းမှာ ရေဒါအပူချိန်ပြ ကိရိယာ (Drone Thermal Imaging) က တောင်ထိပ်ပေါ်က ပြောင်းခင်းထဲမှာ သူ့ရဲ့ ပုံရိပ်ငယ်လေးကို ဖမ်းမိခဲ့ချိန်မှာတော့ ခိုင်လီမြို့တစ်မြို့လုံး သုံးရက်သုံးညတိုင်တိုင် စိုးရိမ်ပူပန်နေခဲ့ရမှုတွေက နောက်ဆုံး ရင်ထဲကအလုံးကြီး ကျသွားခဲ့ပါပြီ။

ရဲအရာရှိတွေ ပြေးသွားတဲ့အခါ ရွှံ့ဗွက်တွေနဲ့ ပေပွနေတဲ့ ဟောက်ဟောက်က သူ့အလိုလို ထရပ်လိုက်ပြီး ပွေ့ဖက်ပေးဖို့ လက်နှစ်ဖက်ကို ဆန့်တန်းလာပါတယ်။ အဲဒီအခိုက်အတန့်မှာပဲ အားလုံး ငိုကြွေးခဲ့ကြပါတယ်။

အထီးကျန်မှုက ဘာသာစကားကို တားဆီးထားနိုင်ပေမဲ့ နွေးထွေးမှုအပေါ် မွေးရာပါတောင့်တမှုကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။

ရဲအရာရှိ၊ အရေးပေါ်ကယ်ဆယ်ရေး၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အဖွဲ့အစည်းများ အမြန်ဆုံး စုစည်းလာကြပြီး လူ ၅၀၀ ကျော်ပါဝင်တဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြပါတယ်။ ပိုပြီး ရင်ကိုထိရှစေတာကတော့ မိမိဆန္ဒအလျောက် ရောက်ရှိပါဝင်လာကြတဲ့ သာမန်ပြည်သူတွေပဲ ဖြစ်ပါတယ်။

သစ်သီးဆိုင်ခင်းရောင်းတဲ့ စစ်မှုထမ်းဟောင်း ယွမ်ချင့်သင်းက သတင်းကိုကြားတာနဲ့ သူ့ရဲ့ ဒရုန်းကို ပခုံးပေါ်ထမ်းပြီး တောင်ပေါ်ကို တက်သွားခဲ့ပါတယ်။ “ဆိုင်ကို နောက်ရက်မှ ပြန်ဖွင့်လို့ရပေမဲ့ ကလေးကတော့ စောင့်နိုင်မှာ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

သူဟာ အန္တရာယ်ကို စွန့်စားပြီး ပြောင်းခင်းတွေကိုကပ်ကာ ၅ နာရီ၊ ၆ နာရီလောက်အထိ ဒရုန်းကို ခပ်နိမ့်နိမ့် ပျံသန်းခဲ့ရာကနေ နောက်ဆုံးမှာ အဲဒီအရေးပါတဲ့ အပူထွက်နေတဲ့အရာကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ဖွင့်တဲ့သူက ဆိုင်တံခါးပိတ်ပြီး အပြေးအလွှား ရောက်လာသလို ကျောင်းသားတွေက အနားယူချိန်ကို စွန့်လွှတ်ပြီး တောင်ပေါ်တက်လာကြပြီး စားသောက်ဆိုင်ပိုင်ရှင်တွေကလည်း သူတို့ရဲ့ အီလက်ထရောနစ် ဖန်သားပြင်တွေပေါ်မှာ လူရှာတဲ့ကြေညာချက်တွေကို အလိုအလျောက် ပြပေးခဲ့ကြပါတယ်။ “အားလုံးက မိဘတွေချည်းပဲ၊ လူများရင် အင်အားကြီးတာပေါ့” လို့ တချို့က ပြောကြပါတယ်။

ဟောက်ဟောက်ကို ပထမဆုံး ရှာတွေ့ခဲ့တဲ့ ရဲအရာရှိက အရင်ဆုံး ရေဘူးထုတ်တိုက်ပါတယ်။ ကလေးရေသီးသွားမှာစိုးလို့ သူကသတိထားပြီး ရေဘူးအဖုံးထဲကို ရေထည့်ပြီးမှ ကလေးကိုနည်းနည်းစီ တိုက်ကျွေးခဲ့ပါတယ်။

ဒါဟာ ကမ္ဘာကြီးကို တုန်လှုပ်စေပြီး သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကြီး မဟုတ်ဘဲ သာမန်လူတွေက “ဒီကိစ္စကို ငါတို့ တာဝန်ယူရမယ်” လို့ ခံစားမိတာကြောင့် သဘာဝကျကျ တုံ့ပြန်ချက်နဲ့ ပေါ်ထွက်လာတဲ့ စေတနာအစစ်အမှန်ပဲဖြစ်ပါတယ်။

ဟောက်ဟောက်ကို ရှာတွေ့ချိန်မှာ သူဟာရေဓာတ်ခန်းခြောက်မှု အလွန်ဆိုးရွားနေပြီး အရေးပေါ် ကျောက်ကပ်ထိခိုက်ပျက်စီးထားကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အကြောင်းကြားစာပင် ထုတ်ပြန်ခံခဲ့ရပါတယ်။ သူ့ရဲ့အဖေက ရင်မောစရာ သားပျောက်ရှာဖွေရေး ခရီးလမ်းအတွင်းမှာ ယွမ်ငွေရာချီပါ လိမ်ခံခဲ့ရပါသေးတယ်။

ဒီလိုအခြေအနေတွေ ကြုံခဲ့ရတောတောင် အဲဒီဖခင်က “သားလေး ကျန်းမာလာတာနဲ့ ဝက် ၅ ကောင်၊ ၆ ကောင်လောက် သတ်ပြီး ကျေးဇူးရှင်အားလုံးကို ထမင်းတစ်နပ် ကျွေးမှာပါ” လို့ ဆို့နင့်တဲ့အသံနဲ့ ပြောခဲ့ပါတယ်။

“ဟောက်ဟောက်အဖေရဲ့ လုပ်ပုံကိုင်ပုံက အရမ်းကွေ့ကျိုးဆန်တယ်။” ဒီလို ကတိကဝတ်ပြုမှုက ကြမ်းတမ်းပြီး ရိုးစင်းလှပေမဲ့ တရုတ်လူမျိုးတွေရဲ့ အရိုးထဲက စေတနာအရှိဆုံး ကျေးဇူးဆပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အဲဒါကတော့ အကောင်းဆုံးဆိုတာတွေကို အကုန်ထုတ်ပေးခြင်းပါပဲ။

ဒီဖြစ်စဉ်ထဲမှာ နည်းပညာရဲ့ ထက်မြက်မှုတွေ၊ ပညာရှင်ဆန်တဲ့ စွမ်းအားတွေ ပါဝင်ပေမဲ့ အဓိက အနှစ်ချုပ်ကတော့ “မပြည့်စုံတဲ့ ကလေးငယ်” တစ်ဦးအပေါ် မြို့ငယ်လေး တစ်မြို့လုံးရဲ့ အစွမ်းကုန် လက်မလျှော့ခဲ့မှုပဲ ဖြစ်ပါတယ်။

ဟောက်ဟောက်က သူ့အလိုလို လက်ဆန့်ပြီး ပွေ့ဖက်ပေးဖို့ တောင်းဆိုခဲ့တဲ့ အဲဒီအခိုက်အတန့်မှာပဲ အားလုံး နားလည်သွားကြပါပြီ။ အဲဒါကတော့ ကိုယ်က တောနက်ထဲကို ထွက်ပြေးသွားခဲ့ရင်တောင် ဒီကမ္ဘာကြီးမှာ ကိုယ့်ကို မရမက ပြန်ရှာခေါ်လာမဲ့သူတွေ ရှိနေသေးတယ်ဆိုတာကိုပါပဲ။

“အော်တစ်ဇင်ကလေးငယ်” တိုင်းအတွက် ခေါင်းမော့လာပြီး သူတို့ရဲ့ တောက်ပတဲ့ လင်းရောင်ခြည်ကို ကြာရှည်စွာနဲ့ နွေးထွေးစွာ ငေးကြည့်ပေးမယ့်သူ ရှိနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ