ရေလယ်ကျွန်းမှာ စစ်အုပ်စုက ဘုန်းတော်ကြီး အပါအဝင် ဒေသခံ ၁၀ ဦးကျော် ဖမ်းဆီး သတ်ဖြတ်
ဘုန်းတော်ကြီးက ရွာကို မီးရှို့တာ ရပ်ဖို့ တားမြစ်မိလို့ သတ်ဖြတ်ခံရတာ ဖြစ်
စစ်အုပ်စုက ရေလယ်ကျွန်း ရွာတွေကို ဆက်လက် စီးနင်းကာ လူသတ်၊ လုယက် မီးရှို့နေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နဲ့ မကွေးတိုင်း ရေစကြိုနယ်အစပ်၊ ရေလယ်ကျွန်းဒေသ ကျေးရွာတွေကို ဖေဖေါ်ဝါရီ လကုန်ပိုင်းက စတင်ကာ ရွာစဉ်ပတ်မွှေ စီးနင်းလုယက် မီးရှို့နေတဲ့ စစ်အုပ်စုက ဘုန်းတော်ကြီး တစ်ပါး အပါအဝင် ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းတွေ စွန့်ပစ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖေဖေါ်ဝါရီလ ၂၆ရက်မှာ ရေစကြိုကနေ မြောင်နယ်အစပ် ရေလယ်ကျွန်းဒေသထဲ စီးနင်းဝင်ရောက်လာတဲ့ စစ်အုပ်စုနဲ့ ဒေသခံတော်လှန်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပြီးနောက် အထိနာ အသေများတဲ့ စစ်အုပ်စုက ဒေသတွင်း ကျေးရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ မတ်လ ၂ရက်ကနေ ဒီကနေ့ မတ်လ ၅ရက်အထိ ရေစကြိုနယ်၊ ရေလယ်ကျွန်းဒေသ မြေစွန်းတော် ကျေးရွာကို စီးနင်း လုယက်ပြီး မီးရှို့ဖျက်ဆီးပြီးနောက် ရွာထဲက ပြန်ထွက်သွားချိန် မြေစွန်းတော်ရွာက သက်တော် ၈၀ အရွယ် ဘုန်းတော်ကြီး အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တာလို့ မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ – CDSOM ခေါင်းဆောင် ကိုနွေဦးက ပြောပါတယ်။

“ဘုန်းကြီးက ဘယ်လို သတ်ခံလိုက်ရတာလဲဆိုတော့ သူတို့(စစ်အုပ်စု) မီးရှို့တဲ့အချိန်မှာ မီးမရှို့ဖို့ သွားပြီးတော့ တားတာပေါ့။ စစ်ကောင်စီဘက်က ပြန်ပြောတာက ဘုန်းကြီးကျောင်း မပါရင်ပြီးရောမို့လား ကျန်တဲ့ဟာ လာမတားနဲ့ ဆိုပြီး ပြောတာ။ ဘုန်းကြီးကလည်း သူတို့(စစ်အုပ်စု) မီးရှို့တဲ့နေရာတိုင်းကို လိုက်လိုက် တားနေတာ ဆိုတော့ နောက်ဆုံးကျတော့ ပစ်သတ်ပစ်လိုက်တာ။ ဘုန်းကြီးကို ပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းကလည်း မနေ့က ညပိုင်းမှာ သတင်းအတိအကျ ရလိုက်တာ။ ဒေသခံတွေ သတ်ဖြတ်ခံလိုက်ရတာကတော့ ဘယ်နေ့က သတ်ဖြတ် ခံလိုက်ရတယ်ဆိုတာ မသိရသေးဘူး။ ရုပ်အလောင်းတွေကလည်း ဒီကနေ့ အထိ မသင်္ဂြိုဟ် နိုင်သေးဘူး” လို့ CDSOM ခေါင်းဆောင် ကိုနွေဦးက ပြောပါတယ်။
မြေစွန်းတော်ကျေးရွာကို စစ်အုပ်စုက သုံးရက်ဆက် မီးရှို့ဖျက်ဆီးကာ ဘုန်းတော်ကြီး အပါအဝင် ဒေသခံတွေကို သတ်ဖြတ် သွားတာ ဖြစ်ပြီး တချို့ကို မီးရှို့ထားခဲ့လို့ လတ်တလောမှာ သတ်ဖြတ်ခံရသူ ၁၀ ဦးထက်မနည်း ရှိနိုင်တယ်လို့ ခန့်မှန်းရပြီး အရေအတွက် မသိရသေးဘူးလို့ ဆိုပါတယ်။

မြေစွန်းတော်ကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး သုံးရက်ဆက် မီးရှို့ခံရလို့ ရွာလုံးကျွတ်နီးပါး ပျက်စီးကာ အိမ်ခြေ လေးလုံးပဲ မီးမလောင်ပြာမကျဘဲ ကျန်ရစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ရေလယ်ကျွန်းဒေသက မြေစွန်းတော်၊ မြေစွန်းရွာသစ်၊ မာလကာခြံ၊ ဆင်ခြေယာ၊ စတဲ့ ကျေးရွာ လေးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိမှာ စစ်အုပ်စုက ဇရပ်နီကျေးရွာကို ဆက်လက် စီးနင်းကာ မီးရှို့ ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
ဒီမနက်ပိုင်းက စလို့ ဇရပ်နီရွာထဲ စီးနင်းလုယက် မီးရှို့နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု လေးယောက် သေဆုံးတယ်လို့ CDSOM ခေါင်းဆောင် ကိုနွေဦးက ပြောပါတယ်။
“ဒီကနေ့ မီးရှို့နေတဲ့ ဇရပ်နီ(ရေစကြိုနယ်)ရွာနဲ့ မင်းလှရွာ(မြောင်နယ်) ကြားမှာ သူတို့(စစ်အုပ်စု)ဘက်က ရှေ့တိုး လာတဲ့ အချိန်မှာ ကိုယ့်ဘက်ကနေပြီးတော့ ဦးအောင် ပစ်လိုက်နိုင်လို့ သူတို့ဘက်က ရှေ့ဆုံးက တက်လာတဲ့ လေးယောက် သေသွားတယ်။ သူတို့လူ ကျသွားတော့ နောက်ကနေ တအားပစ်ပြီးတော့ တက်လာလို့ လက်နက်တွေ မကောက်လိုက်နိုင်ဘူး။ ဘေးကနေ ကူပစ်ပေးတဲ့ တဟ်ဖွဲ့လောက်ရှိရင် ငါးကြင်းမြီးပါ ရမှာ။ ကိုယ့်ဘက်က လူအင်အားနည်းတာနဲ့ သူတို့ဘက်က ပစ်အားကြောင့် ပြန်ဆုတ်လာခဲ့ရတာ”လို့ ကိုနွေဦးက ပြောပါတယ်။
စစ်အုပ်စုက အခု ညပိုင်းအထိ ဇရပ်နီကျေးရွာထဲ ရှိနေပြီး ဆက်လက် မီးရှို့နေဆဲလို့လည်း သူက ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် မြောင်နယ်အနောက်ခြမ်းက ရွှေတချောင်း၊ နနွင်းကိုင်း၊ ဆူးလေကုန်း၊ ဆင်လှောင်၊ မြစ်သာ၊ သုခဒီပ၊ မြစ်ဆုံ၊ မင်းလှ၊ ငါးရံ့အို စတဲ့ ကျေးရွာတွေနဲ့ မကွေးတိုင်း ရေစကြိုနယ်က မြေစွန်းတော်၊ ရွာသစ်၊ ရွှေလှံ၊ မာလကာခြံ၊ ဆင်ခြေယာ၊ ဇရပ်နီ၊ သာဂေါင် စတဲ့ ကျေးရွာတွေက သောင်းချီတဲ့ ဒေသခံ ပြည်သူတွေ ဖေဖေါ်ဝါရီလ ၂၆ရက်က စတင်ကာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားသောက် နေထိုင်ရေး အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၂၆ရက်က ရေစကြိုနဲ့ မြောင်နယ်အစပ်၊ ရေလယ်ကျွန်းဒေသထဲ ဝင်ရောက်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ခဲ့ရာ အလောင်း ခြောက်လောင်းနဲ့ ကိုးယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိ ပြီးနောက် စစ်အုပ်စုက အခုလို တိုက်ပွဲဖြစ်ရာအနီးက ကျေးရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလကတည်းက ဘုတလင်နယ်ထဲ ရွာစဉ်ပတ်မွှေ စီးနင်းလုယက် မီးရှို့နေတဲ့ စစ်အုပ်စုကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု အထိနာ အသေများပြီးနောက် တိုက်ပွဲ ဖြစ်ပွားရာ စီပါရွာက ဒေသခံ ပြည်သူတွေကို စစ်အုပ်စုက ခေါင်းဖြတ်၊ ခြေလက်ဖြတ်၊ ကိုယ်ခန္ဓာအပိုင်းပိုင်း ဖြတ် တောက်ကာ သတ်ဖြတ်ပြီးနောက် အလောင်းတွေကို ခြံစည်းရိုးမှာ ချိတ်ဆွဲစွန့်ပစ်ထားခဲ့ပါတယ်။
စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ထွက်ပြေးနေရတဲ့ ရေလယ်ကျွန်းဒေသက ပြည်သူတွေ/Photo – ပေးပို့


Leave a Reply