ဆရာမကြီး ဒေါ်အေးအေးမြင့် ပျောက်ဆုံးမှု နောက်ဆုံးအခြေအနေ
D.B တွေ့တယ်ဆိုတာ မသေချာသေးဘူးတဲ့……
ပြီးခဲ့တဲ့ ဩဂုတ်လ (၄) ရက်နေ့ကတည်းက ပုသိမ်မြို့ ဈေးကြီးအနီးမှာ အထည်ဝယ်ဖို့ ထွက်သွားရာကနေ အစအနဖျောက် ပျောက်ဆုံးသွားခဲ့တဲ့ ပုသိမ်နည်းပညာတက္ကသိုလ် ဆရာမဟောင်း ဒေါ်အေးအေးမြင့် (အသက် ၅၆ နှစ်) ရဲ့ ဖြစ်စဉ်ဟာ အခုဆိုရင် ပိုပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ပဟေဠိကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ။

ဆရာမကြီး ပျောက်ဆုံးနေတာ ယခုဆိုရင် (၈) ရက်တိုင်တိုင် ရှိလာခဲ့ပါပြီ။
ကျန်းမာရေး သိပ်မကောင်းရှာတဲ့ မိခင်ကြီးအတွက် သမီးဖြစ်သူနဲ့ တပည့်တွေဟာ နေ့မနား ညမအား မျက်ရည်နဲ့ မျက်ခွက် နေရာအနှံ့ စုံစမ်းရှာဖွေနေခဲ့ကြတာပါ။
ဆရာမကြီး ပျောက်ဆုံးသွားချိန်မှာ ခရမ်းရောင် ဝမ်းဆက်လေးကို ဝတ်ဆင်သွားခဲ့ပါတယ်။
အဲဒီလို အပူတပြင်း ရှာဖွေနေချိန်မှာပဲ လူမှုကွန်ရက်ပေါ်က TikTok အကောင့်တစ်ခုမှာ ရေမြောင်း ဒိုက်ပင်တွေကြားထဲက ခရမ်းရောင်ဝမ်းဆက် ဝတ်ဆင်ထားတဲ့D.b ပုံရိပ်တစ်ခုကို ဗီဒီယိုတင်ထားတာ သွားတွေ့ခဲ့ရပါတယ်။
အဆိုပါ ပုံရိပ်ကို ဆရာမကြီးရဲ့ သမီးဖြစ်သူဆီ ပြသပြီး အတည်ပြုခိုင်းရာမှာတော့ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေအရ မိခင်ဖြစ်သူရဲ့ အင်္ကျီအဝတ်အစားတွေ ဟုတ်မှန်နေကြောင်း ဝမ်းနည်းကြေကွဲစွာ အတည်ပြုပေးခဲ့ရှာပါတယ်။

အကြီးမားဆုံး လျှို့ဝှက်ချက်နဲ့ အလှည့်အပြောင်း
ဒါပေမဲ့ တကယ့် အလှည့်အပြောင်းက အခုမှ စတာပါ။
အဆိုပါ ဗီဒီယိုကို မြင်မြင်ချင်းပဲ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဟာ သံသယရှိတဲ့ နေရာတွေဆီကို အမြန်ဆုံး သွားရောက်ရှာဖွေခဲ့ကြပါတယ်။
မိသားစုနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ အဲဒီနေရာမှာ ဆရာမကြီးကိုရော၊ D.b အရိပ်အယောင် အစအနကိုမှ လုံးဝ (လုံးဝ) မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။ တကယ့်ကို ထူးဆန်းစွာနဲ့ ဘာဆိုဘာမှ မရှိခဲ့တာပါ။
ပိုပြီး မေးခွန်းထုတ်စရာ ကောင်းသွားတာက အဆိုပါ ဗီဒီယို တင်ခဲ့တဲ့ TikTok အကောင့်ပိုင်ရှင်ကို နေရာအတိအကျ သိရဖို့ သွားရောက်မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်း လုံးဝမရှိဘဲ ပို့စ်ကို ချက်ချင်းဖျက်ချကာ Message တွေပါ ပိတ်ပြီး ရုတ်တရက် လုံးဝ ပျောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။
တကယ်လို့ သတင်းအမှန်ဆိုရင် ဘာကြောင့် အခုလို ဖျက်ပြေးသွားရတာလဲ?
ဓာတ်ပုံထဲက နေရာမှာရော ဘာကြောင့် ဘာမှမတွေ့ခဲ့ရတာလဲ? ဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
လက်ရှိမှာတော့ မိသားစုဝင်တွေဟာ အဆိုပါ TikTok ဗီဒီယိုက Screenshot ကို ရယူထားပြီး အမှန်တရား ပေါ်ပေါက်ဖို့ အပူတပြင်း ဆက်လက် စုံစမ်းနေကြပါတယ်။

မိသားစုဝင်တွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာသောအားဖြင့် အတည်မပြုနိုင်သေးတဲ့ သတင်းတွေ မဖြန့်ဝေကြဖို့နဲ့၊ အကယ်၍ ခိုင်လုံတဲ့ သတင်းအချက်အလက် သိရှိသူတွေ ရှိခဲ့ရင် မိသားစုဝင်တွေဆီ အမြန်ဆုံး အကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ဆရာမကြီးအတွက် အမြန်ဆုံး အဖြေမှန် ပေါ်ပေါက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။



Leave a Reply