နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၂၅ ဦးနှင့် ပျောက်ဆုံးသူ ၈ ဦးရှိပြီး လူဦးရေ ၄ သိန်းခွဲကျော် ရေဘေးသင့်နေ
ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ်မည်ဟု သတိပေး

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေများ ဖောက်ထုတ်ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး စစ်ကိုင်းယူနစ်၊ မန္တလေးယူနစ်၊ မကွေးယူနစ်နှင့် ဧရာဝတီတိုင်းတို့ရှိ မြို့နယ် ၂၁ ခုတွင် ရေဘေးအခြေ အနေများ ဖြစ်ပေါ်နေကာ သေဆုံးသူ ၂၅ ဦး၊ ပျောက်ဆုံးသူ ၈ ဦးနှင့် လူဦးရေ စုစုပေါင်း ၄၅၂,၆၆၃ ဦးခန့် ရေဘေးကြောင့် ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ပြောဆိုသည်။

အဆိုပါဒေသများအနက် စစ်ကိုင်းယူနစ်သည် ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု အဆိုးရွားဆုံးခံနေရသည့် ဒေသဖြစ်ပြီး ဩဂုတ်လ ၁၂ ရက် စာရင်းများအရ မြို့နယ် ၁၄ ခုရှိ အိမ်ထောင်စု ၅၁,၈၅၉ စုမှ လူဦးရေ ၂၂၇,၄၉၁ ဦး ရေဘေးသင့်နေကြောင်း သိရသည်။
မန္တလေးယူနစ်တွင် မြို့နယ် ၃ ခုရှိ အိမ်ထောင်စု ၄၄,၆၃၃ စုမှ လူဦးရေ ၁၈၄,၁၁၈ ဦး၊ မကွေးယူနစ်တွင် မြို့နယ် ၁ ခုရှိ အိမ်ထောင်စု ၂၁၅ စုမှ လူဦးရေ ၈၅၈ ဦးနှင့် ဧရာဝတီတိုင်းတွင် မြို့နယ် ၃ ခုရှိ အိမ်ထောင်စု ၉,၅၇၄ စုမှ လူဦးရေ ၄၀,၁၉၆ ဦး ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း NUG က ပြောသည်။

လက်ရှိတွင် စစ်ကိုင်းယူနစ်အတွင်းရှိ မြောင်နှင့် မင်းကင်းမြို့နယ်များ၊ မန္တလေးယူနစ်အတွင်း ရှိ မြင်းခြံနှင့် ညောင်ဦးမြို့နယ်များ၊ ပဲခူးတိုင်းအတွင်းရှိ တောင်ငူမြို့နယ်နှင့် မကွေးယူနစ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး မြို့နယ်များသို့ ရေဝင်ရောက်မှုအခြေအနေများကို စောင့်ကြည့်ပြီး လိုအပ်သည့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အညာဒေသတွင်လည်း ရေဘေးကြောင့် စစ်ဘေးရှောင်စခန်းများ ရေမြုပ်ခြင်း၊ စစ်ဘေးရှောင်တဲများ ရေထဲမျောပါခြင်း၊ ကျေးရွာချင်းဆက် လမ်းတံတားများ ပျက်စီးခြင်းနှင့် စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ရေဝင်ပျက်စီးခြင်းများ ဖြစ်ပေါ်နေကြောင်း NUG က ဆိုသည်။

ရေဘေးအခြေအနေကို တုံ့ပြန်ရာတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ လျှပ် စစ် မီး မရရှိခြင်းကြောင့် သတင်းအချက်အလက် စီးဆင်းမှုနှောင့်နှေးခြင်း၊ လူမှုကူညီရေးအဖွဲ့အစည်းများ လက်လှမ်းမမီခြင်းနှင့် ငွေကြေးလွှဲပြောင်းပေးပို့မှုများ ခက်ခဲခြင်းတို့ကို အဓိကအခက်အခဲများအဖြစ် ကြုံတွေ့နေရကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် သဘာဝဘေးအတွင်း အသက်အန္တရာယ်နှင့် လုံခြုံရေးအခြေအနေများကိုပါ ခြိမ်းခြောက်ခံနေရကြောင်း NUG က ထုတ်ပြန်သည်။

အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် အာဟာရနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီး ပံ့ပိုးပေးရန် လိုအပ်နေကြောင်း NUG က ဆိုသည်။
တစ်ဖက်တွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ အလွန်အားကောင်းသော မိုးတိမ်တောင်များ ဖြစ်ပေါ်နေပြီး ကပ္ပလီပင်လယ်၊ ရခိုင်ကမ်းရိုးတန်း၊ မုတ္တမပင်လယ်ကွေ့နှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင်လည်း မိုးကြိုးမုန်တိုင်းဆဲလ်များ ပါဝင်သည့် မိုးတိမ်တောင်များ ဖြစ်ပေါ်နေကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လာမည့် ၃ ရက်အတွင်း ချင်းတောင်တန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်းကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ မြစ်ချောင်းများတွင် ရေကြီးရေလျှံမှုများ၊ လျှပ် တစ်ပြက်ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း NUG က သတိပေးသည်။
ထို့အပြင် ကရင်ပြည်နယ်ရှိ သံလွင်မြစ်ဝအနီး၊ ရခိုင်ပြည်နယ်ရှိ ကုလားတန်နှင့် လေးမြို့မြစ်များ၊ ပဲခူးတိုင်းရှိ စစ်တောင်းမြစ်တို့တွင် မြစ်ရေများ သိသိသာသာ မြင့်တက်နေသည့်အတွက် ရေဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း NUG က သတိပေးထားသည်။

ဓာတ်ပုံ- ဩဂုတ်လ ၁၁ ရက်နေ့ မန္တလေးတိုင်း၊စဉ့်ကိုင်မြို့နယ်မြောက်ကိုင်းကျေးရွာတွင် ရေဘေးတိမ်းရှောင်လာသော ရွာသားများမောင်းနှင်းလာသောစက်လှေမှောက်ပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့သည်။



Leave a Reply