ရေပိုလွှဲ (၁၂) ပေါက်လုံးကို ဖွင့်ချလိုက်တဲ့ သဖန်းဆိပ်ဆည်

ရေပိုလွှဲ (၁၂) ပေါက်လုံးကို ဖွင့်ချလိုက်တဲ့ သဖန်းဆိပ်ဆည်

(အောက်ဘက်ကို ဆင်းလာမယ့် ရေပမာဏက ထင်ထားတာထက် ပိုများနေပါတယ်)

စစ်ကိုင်းတိုင်းအတွင်းက မူးမြစ်ကမ်းဘေး ဝဲ/ယာ ဒေသခံတွေ အထူးသတိထားရမယ့် အချိန်ကို ရောက်လာပြန်ပါပြီ။

ရေပြန်ကျပြီဆိုပြီး ကိုယ့်အိမ်ကိုယ် ပြန်နေဖို့ ပြင်ဆင်နေတဲ့ သူတွေရှိရင် အခုပဲ ရပ်တန့်ပြီး ရေလွတ်ရာ ကုန်းမြင့်ပိုင်းတွေမှာ ဆက်လက် နေထိုင်ကြဖို့ အရေးပေါ် သတိပေးချက် ထွက်ပေါ်လာပါတယ်။

ဆည်ရေ (၁၂) ပေါက်ကနေ အရှိန်နဲ့ ဆင်းလာမယ့်ရေ

အခုရက်ပိုင်း မူးမြစ်ရေ တိုးလာတာကြောင့် ကျွန်းလှမြို့နယ်မှာရှိတဲ့ သဖန်းဆိပ်ဆည်ဟာ ကန်ရေပြည့်အမှတ် ၅၄၅ ပေကို ကျော်လွန်ပြီး လက်ရှိမှာ (၅၄၅.၇၅) ပေအထိ ရောက်ရှိလာခဲ့ပါတယ်။

ဒါကြောင့် ဆည်ကြံ့ခိုင်ရေးအတွက် ဒီကနေ့ ဩဂုတ်လ (၁၃) ရက် မနက်ပိုင်းကစပြီး ရေပိုလွှဲ (၁၂) ပေါက်လုံးကနေ အရင်ရက်တွေကထက် ပိုများတဲ့ ရေပမာဏ (ရေကျူးဆက် လေးသောင်းကျော်) ကို အရေးပေါ် လွှတ်ချလိုက်ရပါတယ်။

အဆိုးဆုံးကတော့ အဆိုပါ လွှတ်ချလိုက်တဲ့ ရေတွေဟာ ဩဂုတ်လ (၁၃) ရက် ညနေပိုင်းနဲ့ (၁၄) ရက်နေ့ မနက်ပိုင်းတွေမှာ ကာဘိုးဆည်ဆီကို ရောက်ရှိလာမှာပါ။

လက်ရှိ ကာဘိုးဆည်မှာလည်း ရေတံခါးအားလုံးကို အကုန်ဖွင့်ချထားရတဲ့အတွက် အထက်ကနေ စုန်ဆင်းလာမယ့် ရေတွေဟာ အထိန်းအကွပ်မရှိဘဲ အောက်ဘက်ဒေသတွေကို အရှိန်အဟုန်နဲ့ ဆက်လက် စီးဆင်းလာတော့မှာ ဖြစ်ပါတယ်။

ဘယ်ဒေသတွေ အဓိက သတိထားရမလဲ?

ကင်းတပ်ဆည်နဲ့ ကာဘိုးဆည်ကြားမှာရှိတဲ့ မူးမြစ်ကမ်းဘေးက ကျေးရွာတွေ၊ ရေပြန်ကျထားတဲ့ ရေဦးမြို့နယ်က မြေနိမ့်ပိုင်း နေရာတွေနဲ့ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးကမ်းကြီးဘက်တွေမှာ လာမယ့် (၂၄) နာရီအတွင်း ရေတွေ ရုတ်တရက် ပြန်တက်လာနိုင်ပါတယ်။

ရေဝင်ထားတဲ့ နေရာတွေအားလုံး ရေပြန်တိုးလာနိုင်လို့ လုံးဝ စိတ်မချရသေးတဲ့ အနေအထားပါ။

လက်ရှိ ကြုံတွေ့နေရတဲ့ ဆုံးရှုံးမှုများနဲ့ မြေပြင်အခက်အခဲ

ဒီရေကြီးရေလျှံမှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက ရေဦး၊ ကျွန်းလှ၊ တန့်ဆည်၊ ကန့်ဘလူ စတဲ့ မြို့နယ်တွေ အပါအဝင် မြို့နယ်ပေါင်းများစွာက ကျေးရွာပေါင်း (၁၉၃) ရွာမှာ လယ်ဧက (၅၄,၀၀၀) ကျော် ရေနစ်မြုပ်ခဲ့ပါတယ်။

လူဦးရေ (၁၁,၀၀၀) ကျော်ဟာ ရေဘေးရှောင်စခန်း (၂၉) ခုမှာ ယာယီ ခိုလှုံနေကြရပါတယ်။ ဝမ်းနည်းဖွယ်ရာ အနေနဲ့ ဒီပဲယင်းမြို့နယ်မှာ ရေကြီးမှုကြောင့် အမျိုးသမီး (၇) ဦးနဲ့ အမျိုးသား (၁) ဦး၊ စုစုပေါင်း (၈) ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

လက်ရှိ မြေပြင်မှာ ကယ်ဆယ်ရေးအဖွဲ့အင်အား အလွန်နည်းပါးနေပြီး ရေဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါး၊ အမိုးအကာတွေအပြင် အထူးသဖြင့် မြွေဆိပ်ဖြေဆေးတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

ရေဘေးအန္တရာယ်ဟာ လုံးဝ မပြီးဆုံးသေးတဲ့အတွက် စစ်ကိုင်းတိုင်းအတွင်းက မိဘပြည်သူတွေအနေနဲ့ သတိပေါ့ဆမှုမရှိဘဲ အထူးဂရုစိုက် နေထိုင်ကြဖို့ သတင်းပေး တင်ဆက်လိုက်ရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ