ဓမ္မာစရိယဘွဲ့ရ ရဟန်းကိုမှ သွားဖမ်းမိတဲ့ ကျောက်ဆည်လှရွှေတို့အဖြစ်

ကျောက်ဆည်တွင် ဓမ္မာစရိယဘွဲ့ရ ရဟန်းတစ်ပါးအား ရဲက မတရားဖမ်းဆီးချုပ်နှောင်၍ လူဝတ်လဲရိုက်နှက်ခဲ့မှုအပေါ် နစ်နာသူရဟန်းမှ နိုင်ငံတော်သို့ တိုင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သာသနဓဇဓမ္မာစရိယဘွဲ့ရ ရဟန်းတစ်ပါးကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားပြီး (၁၁) ရက်ကြာ မတရားချုပ်နှောင်ကာ သင်္ကန်းအား အဓမ္မချွတ်၍ လူဝတ်လဲကာ ထိုးကြိတ်ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ရွာ (သရက်ခြံရွာ)၊ ရွှေသိမ်တော်ကျောင်းတိုက်၌ သီတင်းသုံးနေထိုင်တော်မူသော သက်တော် (၃၉) နှစ်၊ ဝါတော် (၂၀) ရှိ ရဟန်းဖြစ်သူ ဦးတေဇဝန္တအား ကျောက်ဆည်မြို့နယ်၊ သံရွာရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲအင်အား (၁၀) ဦးခန့်က လက်ထိပ်ခတ်၍ မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

မတရားဖမ်းဆီးခံရသော ရဟန်းအား ထိုနေ့ည ၇ နာရီခွဲအချိန်တွင် ကျောက်ဆည်မြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး၊ ရဲအချုပ်ခန်းအတွင်း ချုပ်နှောင်ကာ သင်္ကန်းများကို အဓမ္မချွတ်ခိုင်း၍ လူဝတ်လဲစေခဲ့ကြောင်း သိရသည်။ ထို့နောက် အချုပ်ခန်းအတွင်း၌ ရဟန်းဦးတေဇဝန္တအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံရပြီးနောက် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဟန်မြင့်မိုရ်ရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ရဲစခန်းသို့ လိုက်လံသွားရောက်ကာ ဦးတေဇဝန္တသည် ရိုးသားစွာ သီတင်းသုံးနေသည့် ရဟန်းစစ်တစ်ပါး ဖြစ်ကြောင်း သက်သေခံပြောဆိုပေးခဲ့သဖြင့် (၁၁) ရက်အကြာတွင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

မတရားဖမ်းဆီး၍ ထိုးကြိတ်ရိုက်နှက်ခြင်း ခံခဲ့ရသည့် ရဟန်းဦးတေဇဝန္တသည် သာသနာရေးဝန်ကြီးဌာနမှ ကပ်လှူပူဇော်ထားသည့် “သာသနဓဇဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်ရ ရဟန်းတစ်ပါးဖြစ်ပြီး၊ “ထီလာနွယ်” ဟူသော ကလောင်အမည်ဖြင့် ဘာသာရေးစာပေများကို ရေးသားပြုစုနေသည့် စာပေကျမ်းဂန်တတ် ရဟန်းတစ်ပါးလည်း ဖြစ်သည်။

“သံရွာ နယ်မြေရဲစခန်းက စခန်းမှူးကို ရိုက်နှက်ခံရတဲ့ ဆရာတော် ကိုယ်တိုင် တိုင်ထားသလို ရပ်မိရပ်ဖတွေနဲ့ ဆရာဒကာတွေကလည်း တိုင်ထားပါတယ်။ အခုထိ စစ်ဆေးတာ မရှိသေးပါဘူး” လို့ ဆရာဒကာတစ်ဦးက ပြောသည်။

စစ်အုပ်စုရဲ့ ကျောက်ဆည် ရဲစခန်းက ပြန်လွှတ်လာပြီးနောက် ရဲတွေ ရိုက်နှက်မှုကြောင့် ဒဏ်ရာများစွာ ရရှိခဲ့တဲ့ ဆရာတော်မှာ ဆေးကုသမှု ခံယူပြီးနောက် ဩဂုတ်လ အစောပိုင်းမှာ နိုင်ငံတော်သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်တို့ဆီ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ မတရားဖမ်းဆီးချုပ်နှောင်ခံရပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုနှင့် ပတ်သက်၍ နစ်နာသူ ရဟန်းဦးတေဇဝန္တမှ သက်ဆိုင်ရာ နိုင်ငံတော်အဆင့် အာဏာပိုင်အဖွဲ့အစည်းများထံသို့ တိုင်ကြားစာပေးပို့ကာ တရားမျှတမှုရရှိရန် တိုင်ကြားထားကြောင်း သတင်းရရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ