သံဃာတွေ လူမှုကွန်ရက်မှာ မသင့်လျော်တာတွေ မတင်ဖို့ မဟနအဖွဲ့ တားမြစ်

သံယာတော်တွေအနေနဲ့ လူမှုကွန်ရက်မှာ သာသနာနဲ့ မဆိုင်တဲ့ မသင့်လျော်တာတွေ မတင်ကြဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)က တားမြစ်လိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မတရားတဲ့ လုပ်ရပ်တွေအပေါ် နှုတ်ဆိတ်နေလို့ ဝေဖန်ခံနေရတဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်က ကျင်းပခဲ့တဲ့

နဝမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပထမအစည်းအဝေးက ဆုံးဖြတ်ချက် အချက် ၅ ချက်ကို ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ခဲ့ရာမှာ နံပါတ် ၂ အချက်အနေနဲ့ အထက်ပါအချက်ကိုပါ ထည့်သွင်းခဲ့တာပါ။
ရဟန်း၊ သာမဏေ၊ သီလရှင်တွေ လူမှုကွန်ရက် စာမျက်နှာမှာ သာသနာတော်နဲ့ မသင့်လျော်တာတွေ ပြုမူလွှင့်တင်မှုတွေ မပြုစေရေးဆိုပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တားမြစ်ခဲ့ပါတယ်။
ဒါ့အပြင် ရဟန်းသံဃာတွေ မာတုဂါမ(အမျိုးသမီး)နဲ့ ငြိစွန်းတဲ့ ဖြစ်စဉ်တွေ မပေါ်ပေါက်စေဖို့လည်း ထုတ်ပြန်ချက်မှာ တားမြစ်ထားတာ တွေ့ရပါတယ်။

လက်ရှိမှာတော့ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်အပါအဝင် ဘုန်းကြီးတချို့တွေ၊ မဘသဘုန်းကြီးတချိူ့တွေဟာ လူမှုကွန်ရက်တွေဖြစ်တဲ့ Tiktok နဲ့ Facebook စာမျက်နှာတွေမှာ
အမျိုးသားရေးအကြောင်းပြ ဘာသာရေးခွဲခြားတာတွေ၊ စစ်တပ်ထောက်ခံရေး ဟောပြောတာတွေ၊ ပျူစောထီးတွေရဲ့လှုပ်ရှားမှုတွေနဲ့ PDF တွေကို ဝေဖန်တိုက်ခိုက်တာတွေ ပြောဆိုလေ့ရှိပါတယ်။

“တားမြစ်ထားတဲ့အချက်တွေနဲ့ ငြိနေတာ သိရဲသားနဲ့ ကိုယ့်လူဖြစ်နေလို့ အရေးမယူတာ၊ မသိချင်ယောင်ဆောင်တာတွေ လုပ်နေရင်တော့ သာသနာအတွက်မကောင်းဘူး”လို့ သံဃာတော်တစ်ပါးက မိန့်ပါတယ်။
ဒါ့အပြင် ရဟန်း၊ သာမဏေ၊ သီလရှင်တွေ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်မှုတွေ၊ မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်မှု စတဲ့ပြစ်မှုတွေ မကျူးလွန်စေရေး၊

ဘုရား၊ စေတီ၊ ပုထိုး၊ ရုပ်ပွားတော်တွေ ပြုပြင်တာ၊ အသစ်တည်ထား ကိုးကွယ်တာတွေမှာလည်း မဟာဗုဒ္ဓဝင်ကျမ်း၊ ဌာပနာပုံကျမ်း၊ သတ္တု ရူပက ဝိလာသနီကျမ်း၊ ပိသုကာကျမ်း စတဲ့သတ်မှတ်စံချိန်စံညွှန်း SOPတွေနဲ့အညီ တည်ထားရေး၊
ဘုရား၊ စေတီ၊ ပုထိုးတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ သာသနိကအဆောက်အအုံတွေ သန့်ရှင်းသပ်ရပ် ကြည်ညိုဖွယ်ဖြစ်စေရေး စတဲ့အချက်တွေပါ ထုတ်ပြန်ထားပါတယ်။

အဲဒီဆုံးဖြတ်ချက်တွေကို တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့ (ဂိုဏ်းစုံ)တွေက မြို့နယ်သံဃနာယကအဖွဲ့ (ဂိုဏ်းစုံ)တွေဆှ အသိပေးလျှောက်ထားကြဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က အသိပေးထားပါတယ်။








Leave a Reply