ကွတ်ခိုင်မှ ဆန္ဒပြသူတို့ကို MNDAA ပစ်ခတ်၊ ၆ ဦးသေဆုံး

ဒေသခံတို့ကို ထိခိုက်စေသည့် အကြီးစားရွှေတူးဖော်မှုလုပ်ငန်းကို ကန့်ကွက်စဉ် ပစ်ခတ်ခံရသဖြင့် မြန်မာတရုတ်နယ်စပ် ကွတ်ခိုင်မြို့ ဒေသခံ အများအပြား သေဆုံး၊ ဒဏ်ရာရသွားကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် မတ် ၅ ရက်နေ့က ကိုးကန့်တပ်(MNDAA) ၏ ရွှေတူးဖော်မှု လုပ်ငန်းကို သွားရောက် တားဆီးသူများ ပစ်သတ်ခံရသဖြင့် အမျိုးသား ၆ ဦးသေဆုံးသည်ဟု သိရသည်။

မြို့အရှေ့ဘက် မိုင် ၄၀ ခန့်အကွာတွင်ရှိသည့် မုံးစီးကျေးရွာအုပ်စု၊ ပိန်းခမ်းရွာအနီး နမ့်လင်းချောင်းတွင် စက်ယန္တရားများသုံးပြီး ရွှေတူးဖော်နေခြင်းကို ကန့်ကွက်ရာမှ ရိုက်နှက်သည်အထိ အခြေအနေ တင်းမာခဲ့သည်၊ ပစ်ခတ်မှုမှာ အခြေအနေ ပြန်လည် တည်ငြိမ်ချိန်တွင် ပေါ်ပေါက်လာသည်ဟု သတင်းရကြောင်း ကချင်တပ် (KIA) က ပြောသည်။

“(MNDAA)စစ်သားတစ်ယောက်ကတော့ သေနတ်မောင်းတင်ပြီးမှ ခြိမ်းခြောက်တယ်လို့ပြောတယ်။ အဲဒါကို ပြည်သူက မကြိုက်လို့ သေနတ်ကိုလုတယ် တဲ့။ အဲဒီအချိန်မှာ သူတို့က အငြင်းအခုံဖြစ်ပြီးမှ ရိုက်တာနှက်တာတွေဖြစ်တယ်။ ဒါပေမယ့် အဲဒီကိစ္စက ပြေလည်သွားပြီ။ သူတို့ပြန်သွားတဲ့ လမ်းမှာ MNDAA ‌တွေက သေနတ်နဲ့ ပြန်ပစ်လို့ ပြည်သူလူထု ၆ ဦးသေပြီးမှ ၆ ဦး ဒဏ်ရာရတယ်တဲ့” ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၅ ဦးမှာ နေရာတွင်ပင် သေဆုံးသည်၊ ဒဏ်ရာရသူများထဲမှ ၁ ဦးမှာ နောက်ပိုင်း သေဆုံးသည်ဟု ဒေသခံများက ပြောသည်။

ယန္တရားကြီးများသုံးပြီး ရွှေတူးဖော်ကြသည့် လုပ်ငန်းကို ကန့်ကွက်ကြခြင်းမှာ ဒေသခံများ လယ်ယာစိုက်ပျိုးမှုနှင့် ရေအရင်းအမြစ် ထိခိုက်ပျက်စီးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်၊ မြန်မာတရုတ်နယ်စပ် ကွတ်ခိုင်မြို့မှ ထိုလုပ်ငန်းကို ယခင်ကလည်း ဝိုင်းဝန်းဟန့်တားခဲ့ကြသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး တားဆီးတာ နှစ်ကြိမ် သုံးကြိမ်မကရှိနေပြီ၊ ဒီတစ်ခေါက် MNDAA သူတို့က စက်ယန္တရားတွေနဲ့ လာလုပ်တဲ့အချိန်မှာ ရွာသားတွေက မလုပ်ဖို့ သွားပြီး တားဆီးကြတယ်၊ တားဆီးပြီးတဲ့အချိန် ရွာသားတွေက လှည့်ပြန်တဲ့အချိန်မှာ စက်သေနတ်နဲ့ ရမ်းပြီးပစ်လိုက်တဲ့အချိန်မှာ အကုန်လုံး ထိခိုက်သွားတာ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက သေဆုံးသူများထဲတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်တစ်ဦးလည်း ပါဝင်သည်ဟု ပြောသည်။

“သူက ခွင့်ရက် အိမ်ပြန်နေတဲ့ အချိန်မှာ အခုလိုမျိုးကြုံသွားတယ်လို့ ပြောတယ်။ လက်နက်တွေလည်းမပါဘူး၊ ယူနီဖောင်းတွေလည်းမပါဘူး၊ ရိုးရိုးသာမန် အရပ်သားပုံစံနေတဲ့အချိန်မှာ အဲဒီလိုမျိုးကြုံတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိုနေ့ ညနေတွင် ပိန်းခမ်းနှင့် အနီးဝန်းကျင်မှ နားလေး၊ မန်ဘုံ၊ ပန်ယန်းခါး စသည့် ရွာများမှ ဒေသခံတို့က ရုပ်အလောင်းများကိုသယ်ပြီး မုံးစီးရွာရှိ MNDAA ၏ အုပ်ချုပ်ရေးရုံးတွင်း သွားရောက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

၎င်းတို့ဒေသတွင် လက်နက်ကိုင်များ မနေထိုင်ကြရန်၊ ရွှေတူးဖော်ခြင်းစသည့် စီမံကိန်းများကို ဒေသခံတို့၏ ခွင့်ပြုချက်မပါဘဲ မလုပ်ရန်၊ သေဆုံးသွားသူတို့၏ နာရေးကုန်ကျစားရိတ်များနှင့် နစ်နာမှုများအတွက် ငွေကြေး အကုန်အကျခံပေးရန် တောင်းဆိုကြသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

“အဓိကက ဒီလိုမျိုး လူသတ်တဲ့ အမှုတွေကို နောက်ကို လုံးဝ လုံးဝ မဖြစ်အောင် ရုံးတံဆိပ်နဲ့ MNDAA သူတို့ရဲ့ သက်ဆိုင်ရာ လူကြီးတွေက လက်မှတ်ထိုးပြီးမှ စာထုတ်ပြန်ပေးဖို့အတွက်ကို ပြင်းပြင်းထန်ထန် တောင်းဆိုထားတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ဒေသခံတို့က MNDAA တာဝန်ရှိသူများကို ညှိနိုင်း တောင်းဆိုရန် မုံးစီးတွင် စောင့်ဆိုင်းနေကြဆဲဖြစ်သည်ဟု သူက ဆက်ပြောသည်။

ညှိနိုင်းတောင်းဆိုမှုကို ပစ်ခတ်ဖြေရှင်းသည့် လုပ်ဆောင်ချက်သည် စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက မှတ်ချက်ပေးသည်။

“ကျွန်တော်တို့ လက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေက ပြည်သူလူထုနဲ့ အတူတူနေရတယ်၊ ပြည်သူလူထုရဲ့ ထောက်ခံချက်ကို ရယူတဲ့အဖွဲ့မှ ခိုင်ခိုင်မြဲမြဲ ရပ်တည်လို့ရမှာ။ ပြည်သူလူထုတွေ မထောက်ခံတဲ့ အဖွဲ့အစည်းကိုတော့ ဘယ်တုန်းကမှ ချီးမွမ်းမှုလည်းရမှာမဟုတ်ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိုရွာတွင် MNDAA က ရွှေတူးဖော်ရေးလုပ်ငန်း စတင်ခဲ့သည်မှာ သီတင်းနှစ်ပတ်ခန့် ကြာပြီဖြစ်ကြောင်း၊ ဒေသခံများကလည်း အဆက်မပြတ်ကန့်ကွက်နေခဲ့ကြကြောင်း သိရသည်။

၂၀၂၃ ခုနှစ်ကလည်း KIA ၏ ရွှေတူးဖော်မည့်အစီအစဉ်ကိုလည်း ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းကလည်း ဒေသခံများက ဒေသတွင်း လှုပ်ရှားဖူးကြသည့် KIA, MNDAA,TNLA နှင့် SSPP/SSA တို့ကို အဆိုပါဒေသတွင် ရွှေတူးဖော်မှု မပြုရန် စာပို့ကာ အကြောင်းကြားခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသတွင် KIA ၏ တပ်မဟာ(၁၀)လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားနေသလို တအာင်းတပ်(TNLA)နှင့် ကိုးကန့်တပ်(MNDAA) တပ်များလည်း လှုပ်ရှားခဲ့ပြီး စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

၂၀၂၃ အောက်တိုဘာလတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ၂၀၂၄ ဇန်နဝါရီလအတွင်း ကွတ်ခိုင်မြို့ကို TNLA ကသိမ်းပိုက်ခဲ့သလို တာမိုးညဲ မြို့နယ်ခွဲနှင့် မုံးစီးဒေသကိုလည်း MNDAA က သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။

MNDAA ပစ်သတ်သည့် ၆ ဦး၌ KIA တစ်ဦးပါ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးတိုက်နယ်၌ စက်များနှင့် ရွှေတူးသဖြင့် ဒေသခံများက ကန့်ကွက်ရာ မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)မှ ပစ်ခတ်ဖြေရှင်းသည့် ယမန်နေ့ဖြစ်စဉ်တွင် ၆ ဦးသေဆုံးရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်သားတဦးလည်း ပါကြောင်းသိရသည်။

အဓိကရေအရင်းအမြစ်ဖြစ်သော နမ့်လင်းချောင်းစီးဆင်းရာ ပြိန်းခမ်းရွာအနီး MNDAA တပ်ဖွဲ့၏ စက်ယန္တရားသုံး ရွှေတူး ဖော်နေမှုအား အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံအမျိုးသား ၃၀ ကျော်က ယမန်နေ့၌ သွားရောက် ကန့်ကွက်ရာ နှစ်ဖက်အချေအတင်ဖြစ်ပြီး သေနတ်ဖြင့်ပစ်ခတ်သဖြင့် ၆ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူးက “အဲဒီတဦးက လုပ်ငန်းတာဝန် ရောက်ရှိတာတော့ မဟုတ်ဘူးပြောတယ်။ သူခွင့်ယူပြီးမှ အပြင်မှာနေတဲ့အချိန် ကြုံတယ်လို့ ပြောရမှာပေါ့။ သူက လက်နက်တို့၊ ယူနီဖောင်းတို့လည်း ဘာမှမပါဘူး။ အရပ်သားပုံစံနဲ့ နေတဲ့အချိန်မှာ အခုလိုမျိုးကြုံပြီးမှ ပါသွားတယ်တဲ့” ဟု ပြောသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ယနေ့ မုံးစီးရွာ၌ ဒေသတွင်း MNDAA၊ KIA တာဝန်ရှိသူများနှင့် ဒေသခံဦးဆောင်သူတို့ကြား တွေ့ဆုံဆွေးနွေးလျက်ရှိသော်လည်း ရလဒ်အား မသိရသေးဟု ၎င်းက ဆိုသည်။

လက်ရှိ သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းအား ပန်ယန်ခါးရွာတွင် ထားရှိထားပြီး ဒဏ်ရာရသူများထဲမှ ၅ ဦးကိုမူ ကွတ်ခိုင်မြို့ သို့ ပို့ဆောင်နေကာ အသက်အန္တရာယ် စိုးရိမ်ရသူတဦးအား လားရှိုးသို့ ပို့ဆောင်ကုသနေကြောင်း ဒေသခံများက ဆိုသည်။

ဒေသတွင်း စိုက်ပျိုးရေးနှင့် ရှင်သန်ရပ်တည်ရေးအတွက် မှီခိုနေရသည့် နမ့်လင်းချောင်းတလျှောက် ရွှေတူးဖော်မှုများ မပြုလုပ်ရန် ဒေသခံများက အကြိမ်ကြိမ် စာပို့ကန့်ကွက်မှုများ ရှိခဲ့သော်လည်း MNDAA သည် မတ်လ ၃ ရက်မှစတင်၍ ဘက်ဟိုး၊ မြေကော်စက် စသည့် ယန္တရားများဖြင့် ပြိန်းခမ်းရွာအနီး ရွှေတူးဖော်မှုကြောင့် ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း မုံးစီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “နမ့်လင်းချောင်းအနီး ရွာငါးရွာပေါင်းပြီး ရှမ်းရော၊ ကချင်တွေရောပါတယ်။ ရွှေမတူးဖို့ သွားပြီးကန့်ကွက်တယ်။ အဲဒီမှာ MNDAA စစ်သားတွေက သေနတ်ကိုမောင်းတင်ပြီး ပစ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ကျနော်တို့ပြည်သူ ဘက်ကလည်း အဲဒီလိုလက်နက်နဲ့ ပြည်သူတွေကို ခြိမ်းခြောက်လို့ရလား ဆိုပြီးပြောတော့ နှစ်ဖက်အချင်းများပြီး အပြန်အလှန်ထိုးကြိတ်တာမျိုးတွေ ရှိလာတယ်။ ပြီးသွားတော့ တယောက်က ပြေးသွားပြီး သူတို့တပ်ဖွဲ့ကို သတင်းပို့တယ်။ အဲဒီအချိန်မှာပဲ တပ်ဘက်လူတွေ ရောက်လာတာ။ ကားပေါ်မှာ ၁၃ ယောက် ပါတယ်။ အဲဒီလူတွေက ရောက်လာတာနဲ့ သေနတ်က မောင်းတင်ပြီးသားဆိုတော့ တခါတည်းလာပစ်တာ။ ၅ ဦးက အဲဒီ နေရာမှာတင်သေတယ်” ဟု ပြောပြသည်။

ပစ်ခတ်ခံရချိန်တွင် ဒေသခံအချို့က ဒေသအတွင်းရှိ KIA တပ်ဖွဲ့များထံ အကူအညီတောင်းခံခဲ့သော်လည်း KIA ဘက်မှ လက်နက်နှင့် ဖြေရှင်း၍မရဟုဆိုကာ တပ်ဖွဲ့ဝင်များအား ထုတ်မပေးခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

ပစ်ခတ်ခံရပြီးနောက် သေဆုံး၊ ဒဏ်ရာရသူများ၏ မိသားစုဝင်များက မုံးစီးရွာရှိ MNDAA ရုံးရှေ့သို့ ရုပ်အလောင်းများနှင့် အတူ သွားရောက်ပြီး MNDAA အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

မုံးစီးဒေသခံ အမျိုးသားတစ်ဦးက “သေဆုံးသူတွေရဲ့ မိသားစုတွေက အရမ်းဝမ်းနည်းပြီး ငိုကြွေးပြီးတော့ MNDAA ရုံးအရှေ့ မှာ အလောင်းသွားထားပြီး ဒီအလောင်းတွေကိုလည်း မင်းတို့ယူလိုက်၊ သူတို့ကိုတောင်မှ မင်းတို့ပစ်သတ်တာ ငါတို့ကိုလည်း ပစ်သတ်ဆိုပြီးတော့ အဲဒီလိုတွေ သွားလုပ်တယ်။ နောက်တော့မှ ရုပ်အလောင်းတွေ ပြန်ယူသွားကြတာ“ ဟု ပြောသည်။

ဒေသခံများအနေဖြင့် MNDAA ဘက်မှ ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်လိမ့်မည်ဟု လုံးဝမထင်ထားသဖြင့် ရဲရဲတင်းတင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သော်လည်း အမှန်တကယ် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် အလွန်ထိတ်လန့်ကြောက်ရွံ့မိ ကြောင်းနှင့် ယခုကဲ့သို့ အရပ်သားများအပေါ် လက်နက်ကိုင်ခြိမ်းခြောက်၊ အကြမ်းဖက်မှုကိုလည်း လက်မခံနိုင်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “MNDAA မကလို့ KIA ပဲဖြစ်ဖြစ်၊ TNLA ပဲဖြစ်ဖြစ် ပြည်သူတွေအပေါ်မှာ လက်နက်နဲ့ ခြိမ်းခြောက်ပြီး အကြမ်းဖက်တာမျိုးကိုကျတော့ ဘယ်တပ်ကိုမှ အလိုမရှိဘူး။ အခု MNDAA က သူတို့ တကယ်ကျူးလွန်ခဲ့ပြီးပြီ၊ တကယ် လုပ်ခဲ့ပြီးပြီ။ သူတို့ကို ကျနော်တို့ ဒီဒေသမှာအလိုမရှိဘူး။ ဒီဒေသမှာ သူတို့လာပြီးတော့ အုပ်စိုးတာမျိုး၊ ပြည်သူတွေကို အုပ်ချုပ်တာမျိုးလည်း ကျနော်တို့ အလိုမရှိတော့ဘူး။ အဲဒါက ကျနော်တို့ ခံစားချက်ပေါ့” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် အရပ်သားကိုယ်စားပြုအနေဖြင့် ၅ ဦး ပါဝင်ခွင့်ရပြီး ညှိနှိုင်းသဘောတူညီချက်များအား ဒေသခံများက စောင့်ကြည့်နေသည်ဟု မုံးစီးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

၎င်းက “MNDAA က မနေ့ညက ရောက်လာတော့ အကုန်လုံးတာဝန်ယူပါ့မယ်။ နင်တို့ပြည်သူလူထုတွေ ကျေနပ်အောင် လုပ်ပေးပါ့မယ်၊ ဘာညာတော့ပြောထားတယ်။ အခုဆွေးနွေးနေတာကိုလည်း လူတွေက စောင့်ကြည့်နေတယ်။ MNDAA တွေက ဘယ်လိုနည်းနဲ့မှ ကျမတို့ပြည်သူလူထုတွေကို လုံခြုံရေးမပေးနိုင်ဘူးဆိုတော့ လူထုတွေဘက်က လုံးဝ(လုံးဝ) အလို မရှိကြောင်း ဆန္ဒပြဖို့ရှိပါတယ်။ သေဆုံးသွားတဲ့သူတွေအတွက်ရော၊ ဒဏ်ရာရတဲ့သူတွေအတွက်ရော အကုန်လုံး သူတို့ (MNDAA) တာဝန်ယူရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကွတ်ခိုင်မြို့နယ်၊ မုံးစီးဒေသတွင် KIA တပ်ဖွဲ့များ အခြေချလှုပ်ရှားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး တပ်ဖွဲ့ရုံးနှင့် တပ်မဟာ(၁၀)၊ တပ်ရင်း(၂) လက်အောက်ခံ၊ ဒေသကာကွယ်ရေးအဖွဲ့(GMH) ရုံးဖွင့်ပွဲအား ဇန်နဝါရီ ၂၄ ရက်က မုံးစီးဒေသ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲနှင့် မုံးစီးဒေသအတွင်းသို့ MNDAA တပ်ဖွဲ့များ ဝင်ရောက်နေရာယူလာခဲ့ပြီး ယခင်စစ်ကောင်စီလက်အောက်ခံ ဌာနပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းများလည်း MNDAA ထံ ပူးပေါင်းမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့ပေါ်အား ပလောင်(တအောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားပြီး ကွတ်ခိုင်နှင့် မူဆယ်ကြားရှိ နမ့်ဖက်ကာဒေသအား KIA က ထိန်းချုပ်ထားကာ လက်နက်ကိုင်အဖွဲ့အစည်းများကြား နယ်မြေ အငြင်းပွားမှု၊ ပဋိပက္ခငယ်များလည်း ရှိနေသည်။

၂၀၁၉ ခုနှစ် သန်းခေါင်းစာရင်း အချက်အလက်များအရ ကွတ်ခိုင်မြို့နယ်တွင် လူဦးရေအားဖြင့် မုန်းဝန်းလူမျိုး ၅ သောင်း ကျော်၊ ပလောင် ၄၇,၀၀၀ ကျော်၊ ကချင် ၄ သောင်းခွဲကျော်၊ ရှမ်း ၁၂,၀၀၀ ကျော်၊ ကိုးကန့် ၇ ထောင်နီးပါးနှင့် ဒေသခံတရုတ် ၅ ထောင်ကျော် နေထိုင်ကြောင်း သိရသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တာမိုးညဲဒေသနှင့် မုံးစီးဒေသပါဝင်သော ကွတ်ခိုင်မြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)တွင် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တသီးပုဂ္ဂလကိုယ်စားလှယ် အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *