မပြန်လမ်း ပို့ခံလိုက်ရပြီဖြစ်တဲ့ အပတ်စဥ် ၂၅ သင်တန်းဆင်းများ

စစ်မှုထမ်း အပတ်စဥ် ၂၅ သင်တန်းဆင်းနေပြီး ရတခ နဲ့ ရမခ မှ သင်တန်းဆင်းတွေကို ရခိုင် နဲ့ စစ်ကိုင်းဘက်ကို ပို့မယ်လို့ဆို

အာဏာသိမ်း စစ်တပ်ရဲ့ အဓမ္မစစ်မှုထမ်း အပတ်စဥ် ၂၅ သင်တန်းဆင်းပွဲကို ဩဂုတ်လ ၁၄ ရက်နေ့က တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်းတွေမှာ ကျင်းပပြုလုပ်ခဲ့ကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ သင်တန်းဆင်းတွေကို ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းဘက်ကို ပို့မယ်လို့ သိရပါတယ်။

မကွေးတိုင်းမှ အဓမ္မပေါ်တာဆွဲခံခဲ့ရတဲ့ လူငယ်တွေဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ယာယီ)ရှိရာ မိုင်းရယ်မြို့နဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တည်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့မှာ အပတ်စဥ် ၂၅ သင်တန်းဆင်းခဲ့ကြတယ်လို့ သိရပါတယ်။

“အပတ်စဉ် ၂၅ ထဲ ပါသွားတဲ့ ကလေးနဲ့ ဖုန်းအဆက်အသွယ်ရတယ်။ သင်တန်းက ၂ ပတ်ပဲ တက်ရတယ်။ ရခိုင်၊ စစ်တွေကို တဝက်ပို့မယ်လို့ ပြောတယ်။ အရင်က စစ်သင်တန်းဆင်းရင် ကျရာတပ်တွေမှာ ၄ ရက် ၅ ရက် နေရတယ်။

ခုကသင်တန်းဆင်းတာနဲ့ တန်းပို့မယ် ထင်တယ်။ အရင်က ဘယ်ကိုပို့မယ်ဆိုတာ တန်းမသိရဘူး။ ခုကမိသားစုတွေကို ဘယ်ကို တာဝန်ကျမယ်ဆိုတာ တန်းပြောနေကြပြီ” လို့ စစ်မှုထမ်း သင်တန်းဆင်းသူရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

အလားတူ မွန်ပြည်နယ်၊ မော်လမြိုင် အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က သင်တန်းဆင်းတဲ့ လူငယ်တွေကို စစ်ကိုင်းတိုင်းဘက်ကို ပို့မယ်လို့ သိရပါတယ်။

“သင်တန်းဆင်းပွဲပြီးလို့ အိမ်ကို ဖုန်းဆက်လာတော့ စစ်ကိုင်းဘက်ကို သွားရမယ်လို့ ပြောတယ်။ တချို့ စစ်မှုထမ်းသင်တန်းဆင်းတွေကလည်း ငိုနေကြတယ်။ အခွင့်အရေးရရင် ပြေးလိုတော့ ပြောထားတယ်” လို့ နောက်ထပ် စစ်မှုထမ်း သင်တန်းဆင်းသူရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

အာဏာသိမ်း စစ်တပ်က ပြည်သူ့စစ်မှုထမ်း ပြဌာန်းပြီးနောက် အတင်းအဓမ္မ စစ်သားထမ်းစုဆောင်ခဲ့ရာ အပတ်စဥ် ၂၇ အထိရှိလာခဲ့ပြီး ယခုဩဂုတ်လထဲမှာ စစ်မှုထမ်း သင်တန်း အပတ်စဥ် ၂၈ အတွက် ပေါ်တာဆွဲ ဖမ်းဆီးတာတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ