လမ်းမှာ လူရှင်းတဲ့ နေရာသာဆို ဘာဆက်ဖြစ်မလဲ မတွေးရဲစရာပါပဲ…”
(လက်တား တက္ကစီငှားစီးမိရာက ကြုံခဲ့ရတဲ့ ရင်ထိတ်ဖွယ် အဖြစ်အပျက်)
မိန်းကလေးတွေ အပြင်သွားရင် တက္ကစီငှားစီးတဲ့အခါ ကိုယ့်လုံခြုံရေးအတွက် အထူးသတိထားနိုင်အောင် ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို သတိပေးချင်ပါတယ်။
ဒီနေ့ ညနေ ၄ နာရီလောက်က မြောက်ဥက္ကလာ Terminal M ကနေ အရေးပေါ်ကိစ္စလေးပေါ်လာလို့ မြောက်ဒဂုံကိုပြန်ဖို့ လမ်းကနေ လက်တားတက္ကစီတစ်စီး ငှားစီးခဲ့ပါတယ်။
ကားပေါ်ရောက်တော့ ကားသမားက သူ့ဖုန်းကို ပေါင်ပေါ်တင်ထားပြီး တစ်ခုခုကို ကြည့်နေပါတယ်။
ပထမတော့ Line သုံးရင်း Video ကြည့်နေတယ်လို့ပဲ ထင်ခဲ့တာပါ။
သေချာကြည့်လိုက်တော့မှ သူကြည့်နေတဲ့ Video က တခြားမဟုတ်ဘဲ နောက်ခန်းမှာထိုင်နေတဲ့ ကျမရဲ့ ရင်ဘတ်နဲ့ စကပ်ဝတ်ထားတဲ့ နေရာတွေကို ခိုးရိုက်ထားတဲ့ Video ဖြစ်နေတာပါ။
ပိုဆိုးတာက သူ့ဘောင်းဘီဇစ်ကိုလည်း ဖြုတ်ထားတဲ့ အနေအထားပါ။
ဖုန်းကို နားနားကပ်ပြီး ဖုန်းပြောချင်ယောင်ဆောင်ကာ နောက်ခန်းကို Flash မီးလင်းပြီး ခိုးရိုက်နေတဲ့ တကယ့် အောက်တန်းစား တဏှာရူးပါ။
ဒါကို သိသိချင်း ကြောက်စိတ်နဲ့အတူ အရမ်းကံကောင်းသွားတာက ရှေ့နားမှာ အထည်ချုပ်စက်ရုံ ရုံးဆင်းချိန်ဖြစ်နေပြီး၊ ကားတွေပိတ်နေတာပါပဲ။
ချက်ချင်း ရှေ့မှာဆင်းမယ်ဆိုပြီး ကားပေါ်ကဆင်း၊ အောက်ရောက်တာနဲ့ သူ့မျက်နှာနဲ့ ကားနံပါတ်ကို ဖုန်းနဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
သူ့ပုံကို ရိုက်ရမလားဆိုပြီး ကားပေါ်ကနေ လူမိုက်ရုပ်နဲ့ ဆင်းလာပြီး ရန်လုပ်ပါတယ်။
ဒါပေမဲ့ အဲဒီနားမှာ ကားလမ်းရှင်းပေးနေတဲ့ ရဲတွေ၊ မော်တော်ပီကေတွေ ရှိနေတော့ သူဘာမှ ဆက်မလုပ်ရဲပါဘူး။
“နင့်ဖုန်းနဲ့ ငါ့ကို ခိုးရိုက်နေတာ ငါသိတယ်” လို့ ပြောတော့၊ သူခိုးရိုက်ထားတာကို ချက်ချင်း ဖျက်ပစ်လိုက်ပြီး “ဖုန်းထဲမှာ ဘာမှမရှိဘူး စစ်မလား၊ ငါ့ပုံကို ခွင့်ပြုချက်မရှိဘဲ ရိုက်တာ အဆင်မပြေဘူး” ဆိုပြီး ပြန်အော်သွားပါသေးတယ်။
ဒီလိုစိတ်ဓာတ်ရှိတဲ့ ကားသမားနဲ့သာ လမ်းပြတ်တဲ့နေရာ၊ လူရှင်းတဲ့နေရာဆိုရင် ဘာဆက်ဖြစ်မလဲ မတွေးရဲလောက်အောင်ပါပဲ။
အခုတော့ လက်တားတက္ကစီ ငှားစီးဖို့ လုံးဝကို ကြောက်သွားပါပြီ။
ဒီလို အောက်တန်းစား ကားသမားမျိုးကို ဘယ်လို တိုင်ကြား အရေးယူလို့ရမလဲဆိုတာ သိတဲ့သူတွေ ညွှန်ပြပေးကြပါဦးရှင်။
အားလုံးပဲ သတိထားကြပါနော်။


Leave a Reply