BNRA တပ်ရင်းမှူး ၂ ဦး ထွက်ပြေး

ဖမ်းဆီးထားတဲ့ BNRA တပ်ရင်းမှူး ၂ ဦး ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးရဲ့ BNRA အဖွဲ့ စခန်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနအမိန့်နဲ့ PDFနဲ့ ပကဖ တပ်ရင်း၊တပ်ဖွဲ့တွေက တိုက်ခိုက်ရှင်းလင်းပြီး ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ BNRA တပ်ရင်းမှူး သုဘရာဇာနဲ့ ဒေါင်းညိုဟာ ဆေးကူသမှုခံယူနေစဉ် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သတင်းရရှိပါတယ်။

သုဘရာဇာနဲ့ ဒေါင်းညိုဟာ ပင်လည်ဘူးမြို့နယ်ဘက်မှာ ဆေးကုသမှုခံယူနေစဉ် လူနာစောင့်ကို အိပ်ဆေးခတ်ပြီး ထွက်ပြေးသွားတာလို့ စစ်ကိုင်းတ်ိုင်းအခြေစိုက် သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

၎င်းတို့ ၂ ဦးဟာ လူနာစောင့်ကို အဆိပ်လိုလို၊ အိပ်ဆေးလိုလို ခပ်ပြီးထွက်ပြေးသွားလို့ တွေ့ရှိရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားဖို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော် တစ်ဦးက လူမှုကွန်ရက်ကတဆင့် ဩဂုတ် ၁၅ရက် ညပိုင်းမှာ အသိပေးထားပါတယ်။

လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှုအချို့အပါအဝင် ဥပဒေမဲ့လုပ်ရပ်တွေကို ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့ဝင်တွေက ကျူးလွန်နေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့် BNRA စခန်းတွေကို PDFနဲ့ ပကဖ ရဲဘော်တွေက ဖယ်ရှားရာကနေ ဖေဖော်ဝါရီ ၁၇ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့က စစ်တပ်ထံ အညံ့ခံသွားပါတယ်။ ဒေသတွင်းမှာ ကျန်ရှိနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို PDFနဲ့ ပကဖ ရဲဘော်တွေက လိုက်လံဖမ်းဆီးတာတွေ၊ စည်းရုံးတာတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

BNRA စခန်းတွေ စီးနင်းဖယ်ရှားပေးတဲ့နောက် လက်ကျန်တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်တွေအပ်ဖို့၊ပြစ်မှုမရှိရင် တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့နဲ့ ပြစ်မှုရှိသူတွေကို စစ်ဆေး၊ ဖော်ထုတ်၊ အပြစ်ပေး၊ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ခဲ့ပြီး ပြစ်မှုကျုးလွန်ထားခြင်းမရှိတဲ့ သူတွေစိတ်ဆန္ဒရှိပါက စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ဖို့ MOD ကလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

PDF နဲ့ ပကဖထံ BNRA တပ်ဖွဲ့ဝင် ၂၀၀‌ ကျော် လက်နက်ချခဲ့ပြီး ဗိုလ်နဂါးနဲ့ အနီးကပ်နေထိုင်ကြတဲ့ သုဘရာဇာ၊ ဒေါင်းညို၊ စစ်နိုင်ဆိုသူတွေလည်း ပါဝင်ပါတယ်။

ဗိုလ်နဂါးနဲ့အတူ ယောက်ဖဖြစ်တဲ့ BNRA ဒုဥက္ကဋ္ဌကိုဖြိုးနဲ့ စစ်ရေးဝာာဝန်ခံ ကိုလတ်အပါအဝင် ၅ ဦးနဲ့ စုစုပေါင်း ၂၀ ကျော်ဟာ စစ်တပ် ထံ အညံ့ခံသွားပါတယ်။

သုဘရာဇာနဲ့ ဒေါင်းညိုဟာ ထွက် ပြေးတဲ့ဖြစ်စဉ်ဟာ BNRAအဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူအချို့ကို ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားတဲ့ ဒုတိယမြောက်ဖြစ်စဉ် ဖြစ်ပါတယ်။

ဖေ‌ဖော်ဝါရီမှာဘဲ BNRA တပ်ရင်း(၃) တပ်ရင်းမှူး ဗိုလ်မျက်လုံးဟာ PDF တွေဆီ လက်နက်ချပြီးမှ ထွက်ပြေးသွားပြီး စစ်တပ်နဲ့ ပူးပေါင်းပါခဲ့ပါတယ်။

စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ BNRA ခေါင်းဆောင်ဗိုလ်နဂါးကတော့ လက်ရှိမှာ တော်လှန်ရေးကို ပုံဖျက်နေတဲ့ သုံးသပ်ချက်စာတွေ လူမှုကွန်ရက်ပေါ်မှာ ရေးပြီး ဝါဒဖြန့်ချိနေတယ်လို့ ပုလဲမြို့နယ်က တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(ထွက်ပြေးသွားတဲ့ သုဘရာဇာနဲ့ ဒေါင်းညိုကို တွေ့ရစည်။ ဓာတ်ပုံ – CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ