YBS ကားခတွေ တက်မယ့်ကိစ္စကို ရုတ်တရက် ပြန်လည် ပယ်ဖျက်လိုက်ပြီလို့ YRTC တရားဝင် အတည်ပြု
လာမယ့် စက်တင်ဘာလ (၁) ရက်နေ့ကစပြီး YBS ယာဉ်စီးခတွေ တက်တော့မယ်ဆိုတဲ့ သတင်းကြောင့် နေ့စဉ် ဘတ်စ်ကားစီးပြီး သွားလာနေရတဲ့ ရန်ကုန်မြို့က ခရီးသွားပြည်သူတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေခဲ့တာပါ။

ဒါပေမဲ့ ဒီကနေ့ (ဩဂုတ်လ ၁၆ ရက်) မှာတော့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကနေ အားလုံး မျှော်လင့်မထားတဲ့ အရေးပေါ် ကြေညာချက်တစ်ခုကို ရုတ်တရက် ထုတ်ပြန်လာခဲ့ပါတယ်။
ယာဉ်စီးခ တိုးမြှင့်မယ့် အစီအစဉ် ရုတ်တရက် ပယ်ဖျက်
အရင်က ထုတ်ပြန်ထားတဲ့ အစီအစဉ်အရ လက်ရှိ (၂၀၀) ကျပ် ကောက်ခံနေတဲ့ ယာဉ်လိုင်းတွေကို (၃၀၀) ကျပ်၊ (၄၀၀) ကျပ် ကောက်ခံနေတဲ့ ယာဉ်လိုင်းတွေကို (၆၀၀) ကျပ်အထိ တိုးမြှင့်ဖို့နဲ့ YPS ကတ်တွေကိုလည်း အဲဒီနှုန်းထားအတိုင်း ပြောင်းလဲဖြတ်တောက်ဖို့ ကြေညာထားခဲ့တာပါ။

ဒါပေမဲ့ ယနေ့မှာတော့ အဆိုပါ YBS ယာဉ်စီးခ တိုးမြှင့်မယ့် ကြေညာချက်ကို တရားဝင် ပြန်လည် ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း YRTC က အတည်ပြု ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
ဘာကြောင့် ကားခတက်ဖို့ အစက စီစဉ်ခဲ့တာလဲ?
YRTC ရဲ့ ကြီးကြပ်မှုအောက်မှာ YBS ယာဉ်စီးရေ စုစုပေါင်း (၅,၃၉၉) စီး ရှိပေမယ့်၊ လက်ရှိ မြေပြင်မှာ တစ်ရက်ကို (၃,၃၀၀) စီးလောက်ပဲ ပြေးဆွဲနိုင်ပါတယ်။ ကျန်တဲ့ ကားတွေက အကြီးစား၊ အလတ်စား၊ အသေးစား ပြုပြင်ရမယ့် အနေအထားတွေ ရှိနေပါတယ်။

ကားအပိုပစ္စည်း ဈေးနှုန်းတွေကလည်း အရမ်းမြင့်တက်နေတဲ့အတွက် ကုမ္ပဏီတွေဘက်က ကားတွေကို အမြန်ဆုံးပြင်ဆင်ပြီး ပြည်သူတွေ သက်သောင့်သက်သာ စီးနင်းနိုင်ဖို့ ယာဉ်စီးခ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိ YBS စီးနင်းသူတွေရဲ့ အခြေအနေ
ရန်ကုန်မှာ နေ့စဉ် YBS စီးနင်းနေတဲ့ ခရီးသွားပြည်သူ အရေအတွက်ဟာ (၁.၈) သန်းအထိ ရှိနေပါတယ်။

လူများပြီး ကားမလောက်ငှတဲ့အတွက် မှတ်တိုင်တွေမှာ လူစုပုံတာတွေ၊ ကားပေါ်မှာ ပြည့်ကျပ်နေတာတွေကို ကုစားနိုင်ဖို့ YRTC အနေနဲ့ ကားခတိုးမယ့်အစား၊ ရပ်နားထားရတဲ့ YBS ယာဉ်တွေကို အမြန်ဆုံး ပြုပြင်ပြီး ကားအစီးရေ ပိုမိုထွက်ရှိလာအောင်ပဲ အဓိကထား စိစစ်ကြပ်မတ်သွားမယ်လို့ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
ဒါကြောင့် ယာဉ်စီးခတွေ တက်တော့မယ်ဆိုပြီး စိတ်ပူနေကြတဲ့ ခရီးသွားပြည်သူတွေ အနေနဲ့ လက်ရှိမှာ ပုံမှန် နှုန်းထားအတိုင်းပဲ ဆက်လက် စီးနင်းသွားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါး တင်ဆက်လိုက်ရပါတယ်။
ပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးနောက် YBS ယာဉ်စီးခ တိုးမြှင့်ကောက်ခံမှုကို ပယ်ဖျက်
ပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးနောက် YBS ယာဉ်စီးခတွေ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ပြန်လည် ပယ်ဖျက်လိုက်တယ်လို့ ဩဂုတ်လ ၁၆ ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ယာဉ်အပိုပစ္စည်း၊ ယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူရာမှာ တန်ဖိုးကြီးမြင့်လာတဲ့အတွက် YBS ယာဉ်စီးခနှုန်းထားတွေကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ယခင် ၂၀၀ ကျပ် ခရီးစဉ်ကို ၃၀၀ ကျပ်နဲ့ ယခင် ၄၀၀ ကျပ် ခရီးစဉ်ကို ၆၀၀ ကျပ် တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဩဂုတ် ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
အစစအရာရာ ဈေးနှုန်းကြီးမြင့်နေတဲ့အချိန်မှာ အခြေခံလူတန်းစားတွေပဲ စီးနင်းနေတဲ့ YBS ယာဉ်စီးခ တိုးမြှင့်ကောက်ခံတာနဲ့ ပတ်သက်ပြီး ပြည်သူတွေကြားမှာ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။
“ခုလို ကားခတိုးမကောက်တော့ဘူးလို့ သိရတော့လည်း ဝမ်းသာပါတယ်၊ ခုကာလမှာ မိသားစု စားဝတ်နေရေးအတွက် ၁၀၀ ၂၀၀ ကအစ ချွေတာနေရတာ၊ Taxi မစီးနိုင်တဲ့ ကျနော်တို့လို့ အောက်ခြေလူတန်းစားတွေအနေနဲ့ YBS က ကားခတိုးကောက်လည်း ဆက်ပြီးတော့ စီးနေရအုန်းမှာပါပဲ၊ အလုပ်ကလည်း လမ်းလျှောက်သွားလို့မှ မရတာ” လို့ လှိုင်သာယာက YBS စီးနင်းပြီး အလုပ်သွားနေရသူတဦးက မြို့တော်ကို ပြောပါတယ်။
YRTC ရဲ့ ကြီးကြပ်မှုအောက်မှာ စာရင်းရှိ YBS ယာဉ်အစီးရေ ၅၃၉၉ စီး ရှိတဲ့အထဲက တရက်ကို ၃၃၀၀ စီးခန့်သာ ပြေးဆွဲနိုင်ပြီး ကျန်ယာဉ်တွေဟာ အသေးစား၊ အလတ်စား၊ အကြီးစား ပြုပြင်ဖို့ လိုအပ်တဲ့ ယာဉ်တွေဖြစ်ကာ ၃၅၆ စီးကတော့ လုံးဝပြေးဆွဲနိုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။


Leave a Reply