မကွေးတွင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၃၀၀ နီးပါးပြုလုပ်၊ စစ်ဘေးရှောင် ၅၀,၀၀၀ ကျော်အထိ ရှိလာ
မကွေးတိုင်းတွင် စစ်အုပ်စုက ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၁၇ ကြိမ် ပြုလုပ်ခဲ့၍ မြို့နယ် ခြောက်မြို့နယ်မှ ဒေသခံ ၅၀,၈၀၀ ဦးခန့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း တမာဖွံ့ဖြိုးရေးအင်စတီကျု၏ လစဉ်အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့(သြဂုတ်လ ၁၅ ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့နယ် ၁၂ မြို့နယ်သို့ လေကြောင်းတိုက်ခိုက်မှု ၂၉၅ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၁၃ ကြိမ်နှင့် ပါရာမော်တာ/ဂျိုင်ရိုကော်ပတာ တိုက်ခိုက်မှု ကိုးကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မြို့နယ် ၁၁ မြို့နယ်၌ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ စုစုပေါင်း အကြိမ် ၂၀ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၄၄၄ ကြိမ်နှင့် ယှဉ်ပါက ပြီးခဲ့သည့် ဇူလိုင်လသည် လေကြောင်းတိုက်ခိုက်မှု ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသည့် လဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အထူးသဖြင့် မြိုင်မြို့နယ်သည် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၇၆ ကြိမ်အထိ ရင်ဆိုင်ခဲ့ရပြီး ဒေသခံ ၂၁ ဦး သေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဘုန်းကြီးကျောင်းများနှင့် နေအိမ် အဆောက်အဦ ၄၁၁ လုံးခန့် မီးလောင်ပျက်စီးခဲ့ရကြောင်း လစဥ်အစီရင်ခံစာတွင်ဖော်ပြထားသည်။
ထို့ပြင် ဆော – ထီးလင်းမြို့နယ် အစပ်တဝိုက်သည် မြေပြင်ထိတွေ့တိုက်ပွဲ အပြင်းထန်ဆုံး နေရာဖြစ်ခဲ့ပြီး ဧရာဝတီမြစ်အရှေ့ပိုင်းရှိ ချောက်၊ မြို့သစ်၊ နတ်မောက်နှင့် အောင်လံ မြို့နယ်တို့တွင်လည်း အပြန်အလှန် ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
လက်ရှိတွင် မကွေးဒေသအတွင်း စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ မိုးကြီးမှုဒဏ်ကိုပါ ထပ်မံရင်ဆိုင်နေရသဖြင့် စစ်ဘေးရှောင် ပြည်သူ ၅၀,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။


Leave a Reply