ရေနစ်တဲ့ ညီဖြစ်သူကိုကယ်တင်ရင်း ကိုယ်တိုင်နစ်မြုပ်ခဲ့ရတဲ့ကျောင်းဆရာ DB ပြန်တွေ့

စစ်ကိုင်းရေဘေးအတွင်း ရေနစ်သည့် ညီဖြစ်သူကို ကယ်ဆယ်ရာမှ ရေနစ်သေဆုံးသွားသည့် ကျောင်းဆရာ ရုပ်အလောင်း ပြန်တွေ့

ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် စစ်ကိုင်းမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ မြင်းဆည်ရွာ၌ ရေနစ်နေသည့် ညီဖြစ်သူအား ဆယ်ယူရင်း ရေနစ်သွားသည့် ကျောင်းဆရာ၏ ရုပ်အလောင်းအား ပြန်တွေ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုဖြစ်စဉ်မှာ ဩဂုတ်လ ၁၄ ရက်နေ့က မြင်းဆည်ရွာအနီး ဧရာဝတီမြစ်ရေ စီးဝင်သည့် ချောင်းတခုအနီး ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

ရေနစ်သူမှာ ကျောင်းသားအရွယ်ဖြစ်ပြီး ၎င်းအားဆယ်ယူကာ လှေပေါ်တင်ပေးပြီးနောက် ကျောင်းဆရာမှာ ရေနစ်မြုပ်သွားခြင်း ဖြစ်သည်။

ကျောင်းဆရာ၏ အမည်မှာ ဦးရှင်းသန့်ဇော်ဖြစ်ပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထ မြေပြင်ကျောင်းတခု၌ စေတနာ့ဝန်ထမ်းအဖြစ် စာသင်ပေးနေသူဟုလည်း သိရသည်။

“သူနစ်သွားတဲ့နေရာမှာပဲ ပြန်တွေ့တာပါရှင်။ ကျောင်းဆရာက နှလုံးစက်တပ်ထားရသူပါ။ ရေနစ်တဲ့ကလေးက သူ့ညီပါ၊ စိတ်ပုံမှန်မဟုတ်တဲ့ကလေးလို့ သိရပါတယ်။

သူ့ညီကို စိတ်ပူတဲ့ဇောနဲ့ ရေထဲဆင်းဆယ်ပေးပြီး လှေပေါ်တင်အပြီးမှာပဲ သူလည်း နစ်သွားတာပါ။

နှလုံးရှော့ရိုက်သွားတယ်လို့ ယူဆရပါတယ်ရှင့်။ ချက်ချင်းဆင်းရှာကြပေမဲ့ မတွေ့ခဲ့ကြပါဘူး၊ နောက်တစ်နေ့မှာ အဲဒီနေရာမှာပဲ ပြန်တွေ့ကြတာ” ဟု စစ်ကိုင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား အကူအညီပေးနေသူတစ်ဦးထံမှ သိရသည်။

ထိုကျောင်းဆရာ၏ ရုပ်အလောင်းအား ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၁၄ ခု၏ မြစ်၊ ချောင်း ကမ်းအနီး ဒေသများအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်မှာ ၁၀ ရက်ကျော်ပြီဖြစ်သည်။

မိုးရွာသွန်းမှု များခြင်းကြောင့် ဩဂုတ်လ ၄ ရက်နေ့မှစပြီး သဖန်းဆိပ်ရေလှောင်တမံ၊ ကင်းတပ်ရေလွှဲဆည်၊ ကာဘိုးဆည်တို့မှ ရေပိုများကို မူးမြစ်အတွင်းသို့ လွှဲချခြင်းနှင့်အတူ ရက်ဆက်ရွာသွန်းနေသည့် မိုးကြောင့် မူးမြစ်ရေ ဆက်တိုက်မြင့်တက်လာခဲ့သည်။

ယင်းမှတစ်ဆင့် ကျေးရွာများအတွင်း ရေဝင်ရောက်ခဲ့ပြီး တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ အရာတော်၊ ကောလင်း၊ ဝက်လက်၊ မြင်းမူ စသည်တို့အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ ခု၏ မူးမြစ်နှင့် မြစ်လက်တက်၊ ချောင်းလက်တက်များ၏ ကမ်းအနီး ကျေးရွာပေါင်း အနည်းဆုံး ၂၀၀ ခန့်မှ အရပ်သားပြည်သူ သောင်းနှင့်ချီ ရေဘေးသင့်နေရခြင်းဖြစ်သည်။

ထိုကျောင်းဆရာ အပါအဝင် စစ်ကိုင်းတိုင်း ရေဘေးအတွင်း သေဆုံးသူ ၂၅ ဦးထက်မနည်း ရှိနေပြီး လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူများလည်း ရှိနေသေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဩဂုတ်လ ၁၂ ရက်နေ့ အချက်အလက်များအရ စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူ ၂၂၇,၄၉၁ ဦး ရှိနေပြီး ဒေသတွင်း အခြေစိုက်သည့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သည့် အကူအညီများအပြင် ဒေသတွင်း ရေဘေးမသင့်သည့် ဒေသများမှ ဒေသခံများ၏ ပြည်သူမှ ပြည်သူသို့ အကူအညီပေးမှုများလည်း ရှိနေကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းရေဘေးအတွက် အကူအညီများစွာ လိုအပ်လျက်ရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (JERC) ကို ဖွဲ့စည်းထားကြောင်းလည်း သိရသည်။

စစ်ကိုင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ ခု၏ မူးမြစ် အပါအဝင် မြစ်၊ ချောင်းများ စီးဆင်းရာ တစ်လျှောက်ရှိ ဒေသများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်မှာ ၁၀ ရက်ကျော် လာပြီဖြစ်သည်။

မိုးရွာသွန်းမှုများပြီး သဖန်းဆိပ်ဆည်မှ ရေပိုလွှဲရာမှတစ်ဆင့် မူးမြစ်ရေ မြင့်တက်လာကာ မူးမြစ်အောက်ပိုင်းရှိ ကာဘိုးဆည်၊ ကင်းတပ်ဆည်များနှင့် မူးမြစ်အောက်ပိုင်း မြို့နယ် ၁၄ ခုရှိ ကျေးရွာပေါင်း ၂၀၀ ခန့်တွင် ၁၀ နှစ်အတွင်း အပြင်းထန်ဆုံး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဓါတ်ပုံ-စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေအား သြဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ