သစ္စာအားမာန်အသင်းရဲ့ ခြစားမှုတွေကို ရဲဝံ့စွာ မကြောက်မရွံ့ ထုတ်ဖော်ခဲ့တဲ့ ဒီဇင်ဘာနှင်းကတော့ သတ္တိရှိခြင်းရဲ့ အကျိုးကို ခံစားသွားခဲ့ရပါပြီ။
မှန်တာ ပြောရင် လူမုန်းများတတ်တဲ့ ရွှေပြည်ကြီးမှာ မှန်တာပြောခဲ့လို့ ဒီဇင်ဘာနှင်း တယောက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းမှာ ရွေးချယ် မခံခဲ့ရပါဘူး။
သစ္စာအားမာန်အသင်းရဲ့ နောက်တန်းမှာ ခြေစွမ်းပြနေတဲ့ ဒီဇင်ဘာနှင်းကို လက်ရွေးစင် အသင်းမှာ မရွေးချယ်ရင်တောင် ပဏာမအသင်းမှာတော့ ပါကို ပါရမှာ ဖြစ်ပါတယ်။
ယခု ပဏာမ လူစာရင်းကို အသစ်ရောက်လာတဲ့ အင်္ဂလန်နည်းပြကြီးက ရွေးချယ်တာ မဟုတ်ပါဘူး။
ပြည်တွင်းက နည်းပြအဖွဲ့ဝင်တွေက ရွေးချယ်တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီဇင်ဘာနှင်း မပါခြင်းဟာ ခြေစွမ်းကြောင့် မဟုတ်ဘဲ အညှိုးအတေးကြောင့်ဆိုတာ သိသာသွားပါပြီ။
ဒီလို ပုံစံ၊ ဒီလို အချိုးမျိုးနဲ့ကတော့ အင်္ဂလန်နည်းပြ မကလို့ မော်ရင်ဟို လာပြလည်း မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ ၂၀၃၁ ခုနှစ်မှာ ကမ္ဘာ့ဖလား ဝင်ခွင့် ရမှာ မဟုတ်ပါဘူး။
ဒီဇင်ဘာနှင်း အမှန်တရားကို ဖော်ထုတ်ခဲ့တုန်းက အားပေးခဲ့တဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော် တယောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး လိပ်ပြာလုံရဲ့လားလို့ မေးချင်ပါတယ်။
ခြေစွမ်းကောင်းတဲ့သူကို မရွေးချယ်ပဲ ရုပ်ချောတဲ့သူတွေကိုပဲ ရွေးချယ်သွားတာဟာ ဘောလုံးကန်မှာလား မော်ဒယ်ပြိုင်ပွဲ လုပ်မှာလားလို့လည်း မေးခွန်း ထုတ်ချင်ပါတယ်။
မြန်မာအသင်းဟာ ခြေစွမ်းကောင်းတဲ့သူတွေ ရှိမှသာ ပြိုင်ဖက်ကို အနိုင်ရမှာပါ။
လိုင်းပေါ်မှာ ဖော်လိုဝါ များရုံနဲ့ အနိုင်ရမှာ မဟုတ်ကြောင်း အသိပေးဖော်ပြ လိုက်ရပါတယ်။
အသင်းအတွင်း မတရားမှုများကို ထုတ်ဖော်ပြောဆိုခဲ့သည့် နောက်ခံလူ ဒီဇင်ဘာနှင်း ပျောက်ဆုံးနေ
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ သစ္စာအားမာန်အမျိုးသမီးဘောလုံးအသင်း၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အဂတိလိုက်စားမှုနှင့် ကစားသမားများအား စားစရိတ်ဖြတ်တောက်သည့်ကိစ္စများကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုခဲ့သည့် နောက်ခံလူ ဒီဇင်ဘာနှင်းမှာ လက်ရှိတွင် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေကြောင်း သိရသည်။
ဇွန်လ ၁၇ ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသမီးလိဂ်ပွဲစဉ်အပြီး အင်တာဗျူးတွင် အသင်းအတွင်းရှိ မတရားမှုများကို ဖွင့်ချခဲ့ပြီးနောက်ပိုင်း ယခုအချိန်အထိ ၂ ရက်ကျော်ကြာသည်အထိ ၎င်းနှင့် အဆက်အသွယ် လုံးဝမရရှိတော့ဘဲ ဖြစ်နေသည်။
ပျောက်ဆုံးမှုနှင့်ပတ်သက်၍ အသင်းဖော်များကလည်း မည်သည့်နေရာတွင် ရှိနေသည်ကို တစ်စုံတစ်ရာ ပြောပြနိုင်ခြင်း မရှိသေးပေ။
ယင်းကိစ္စနှင့်ပတ်သက်၍ ကစားသမားများ၏ ထမင်းစရိတ်ဖြတ်တောက်မှုအပေါ် သစ္စာအားမာန်အသင်း အုပ်ချုပ်သူများဘက်က ယနေ့အချိန်ထိ တရားဝင် ရှင်းလင်းပြောကြားခြင်း မရှိသေးသည့်အပြင် ပျောက်ဆုံးနေသူ ကစားသမား၏ လုံခြုံရေးအတွက်လည်း မည်သို့မျှ တုံ့ပြန်မှု မရှိသေးပေ။
လက်ရှိတွင် အများပြည်သူနှင့် ဘောလုံးပရိသတ်များမှာ ဒီဇင်ဘာနှင်း၏ အသက်အန္တရာယ်နှင့် လုံခြုံရေးအတွက် အထူးစိုးရိမ်ပူပန်လျက်ရှိသည်။
သို့ဖြစ်ရာ သက်ဆိုင်ရာအနေဖြင့် ဒီဇင်ဘာနှင်း၏ အခြေအနေကို အမြန်ဆုံး တရားဝင်သတင်းထုတ်ပြန်ပေးရန်နှင့် အသင်းအုပ်ချုပ်သူများ၏ မတရားလုပ်ဆောင်ချက်များအပေါ် တိကျစွာ ရှင်းလင်းပေးရန်အတွက် လူမှုကွန်ရက်ပေါ်တွင် ပြင်းပြင်းထန်ထန် ဖိအားပေးတောင်းဆိုမှုများ မြင့်တက်လျက်ရှိသည်။


Leave a Reply