သာသနာတော် ထိန်းသိမ်းရေး ညွှန်ကြားချက် မဟန ထုတ်ပြန်၊ လက်နက်ကိုင်နှင့် အစွန်းရောက် သံဃာများကိုမူ အရေးမယူနိုင်ဟု ဝေဖန်ခံနေရ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) က သံဃာနှင့် သီလရှင်များ လူမှုကွန်ရက်သုံးစွဲမှု

ယာဉ်မောင်းနှင်မှု၊ မူးယစ်ဆေးဝါးနှင့် မာတုဂါမဆိုင်ရာ ကိစ္စရပ်များအပါအဝင် ဘုရားစေတီတည်ထား ကိုးကွယ်မှုဆိုင်ရာ စံချိန်စံညွှန်းများကို လိုက်နာကြရန်
တိုင်းဒေသကြီးနှင့် ပြည်နယ် သံဃနာယကအဖွဲ့များထံ ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ညွှန်ကြားချက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ပဉ္စမအစည်းအဝေး ဆုံးဖြတ်ချက်အရ အောက်ပါ အချက် (၄) ချက်ကို သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့များသို့ အသိပေး လျှောက်ထားသွားရန် ဖော်ပြထားသည် —

စေတီပုထိုး တည်ထားကိုးကွယ်မှုဆိုင်ရာ စံချိန်စံညွှန်း အဖြစ်ဘုရား၊ စေတီ၊ ပုထိုးနှင့် ရုပ်ပွားတော်များ ပြုပြင်ခြင်း သို့မဟုတ် အသစ်တည်ထားရာတွင် မဟာဗုဒ္ဓဝင်ကျမ်း၊ ဌာပနာပုံကျမ်း၊ သတ္ထုရူပကဝိလာသနီကျမ်းနှင့် ဝိသုကာကျမ်း စသည့် သတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်ရန်။
ရဟန်း၊ သာမဏေနှင့် သီလရှင်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် သာသနာတော်နှင့် မသင့်လျော်သော ပြုမူလွှင့်တင်မှုများ မပြုလုပ်စေရန်။

မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်းနှင့် မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်မှုစသည့် ပြစ်မှုများ မကျူးလွန်စေရန်။
ရဟန်းသံဃာများ မာတုဂါမ (အမျိုးသမီး) နှင့် ငြိစွန်းသည့် ဖြစ်စဉ်များ မပေါ်ပေါက်စေရန်။
လက်ရှိကာလတွင် လူမှုကွန်ရက်ပေါ်၌ သံဃာနှင့် သီလရှင်အချို့၏ မဖွယ်မရာ ပြုမူပြောဆိုမှုများ ဘုရားစေတီပုထိုးများတွင် ဗုဒ္ဓဒေသနာတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သော

ဓာတ်ပူး၊ နဂါးပူး၊ နတ်ပူးစသည့် အလေ့အထများ ပေါ်ပေါ်ထင်ထင် ခေတ်စားလာခြင်းကြောင့် သာသနာတော် ညှိုးနွမ်းမှုအပေါ် ပြည်သူလူထုကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
သို့သော် မဟန၏ ယခုထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်သူလူထုနှင့် သာသနာ့အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများလည်း ပေါ်ထွက်နေသည်။

အကြောင်းမှာ စစ်တပ်ထောက်ခံသော၊ လက်နက်ကိုင်ဆောင် လှုံ့ဆော်မှုများ ပြုလုပ်နေသည့် ဦးဝီရသူ၊ ပေါက်ကိုယ်တော်နှင့် ဦးဝါသဝ အစရှိသော သံဃာအမည်ခံ အစွန်းရောက် ပုဂ္ဂိုလ်များ၏
ပြောင်ပြောင် တင်းတင်း လူသတ်လက်နက်ကိုင် လှုပ်ရှားမှုများကိုမူ မဟနအနေဖြင့် တစ်စုံတစ်ရာ ထိရောက်စွာ အရေးယူ တားမြစ်နိုင်ခြင်းမရှိဘဲ
အခြေခံ သာမန် သံဃာထုအပေါ်၌သာ အုပ်ချုပ်ရေးယန္တရားသဖွယ် ညွှန်ကြားချက်များ ထုတ်ပြန်နေခြင်းအပေါ် မေးခွန်းထုတ်မှုများ ရှိနေခြင်း ဖြစ်သည်။

”မဟနရဲ့ ညွှန်ကြားချက်တွေက စာရွက်ပေါ်မှာပဲ ရှိနေပြီး တကယ့်လက်တွေ့မှာ နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်ပြီး သာသနာကို အသုံးချနေတဲ့ အစွန်းရောက် သံဃာတွေကိုတော့ ဘာမှ မပြောရဲဘူး။

အခုလို သာသနာ့ဂုဏ်သိက္ခာကျဆင်းနေတာကို ထိရောက်တဲ့ ကိုင်တွယ်မှုမျိုး မလုပ်နိုင်ရင် သာသနာ့အဖွဲ့အစည်းအပေါ် လူထုရဲ့ ယုံကြည်ကိုးစားမှု ဆက်လက်ကျဆင်းသွားမှာ ဖြစ်တယ်” ဟု သာသနာ့အရေး စောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုသည်။





ဟော…တားမြစ်ပြန်ပါပြီ 🥴🤦🏻♀️
လက်လွန် ကြက်သွန်အခြေအနေတွေဖြစ်ကာမှ
ပို့စ်တွေထပ်ခါ ရေးကြပါမှ ထုတ်လိုက်ကြရပြန်တဲ့ အမိန့်၊ တားမြစ်လိုက်ရပါတဲ့ အဖြစ်..။
အချက်၅ ချက်ကို အခုမှ တားမြစ်ချက်
ထုတ်နေပြန်တာတော့ဟုတ်ပါပြီ… ထိထိမိမိ နဲ့ ဘယ်မျက်နှာ မှ မငဲ့ပဲ ဒီ ၅ ချက်ထဲက ၁ ချက်လောက်နဲ့ ငြိနေတဲ့ နာမည်ကြီးဘုန်းကြီးတွေထဲက ၂ပါး ၃ ပါးလောက်ကိုပဲ အရင် အရေးယူပြကြပါအုံး !
လက်တွေ့မှာ အရေးတော့ယူပါရဲ့…
ရဟန်းရုပ်တောင်မပီပြင်..သင်္ကန်းအနွမ်းနဲ့ ကြွပ်ကြွပ်အိတ်လေး ဆွဲပြီး လမ်းဘေး ထမင်းဝယ်တဲ့ သင်္ကန်းပတ်တွေကို အရေးယူပြတာ
ဘာများထိရောက်မှာလဲ အရှင်ဘုရားတို့ရေ..
ဘုရားမျက်နှာသာကြည့်ကြပါ!
မိမိကျောင်းတိုက်မှာထားတဲ့
ဘုရားဆင်းတုတော်ရှေ့
ဖြတ်လျှောက်ကြတဲ့အခါ
စိတ်ထဲ မသိုးမသန့်လေး ဖြစ်သွားရတဲ့
အချိန်လေး ရှိခဲ့ဖူးကြပါသလား??
ဘုရားဝတ်ပြုကြတဲ့အခါ
မျက်လုံးတွေမှိတ်မထားကြပဲ
ဘုရားမျက်နှာကို ရဲရဲ ကြည့်ဝန့်သော
သာသနာ့ဝန်ထမ်းကောင်းများ
သာသနာထဲ များစေချင်မိ။
ပြတ်ပြတ်သားသား မြေလှန် အရေးယူပြကြပါ။
အခုလို အစည်းဝေးတွေထိုင်
စာတွေထုတ်နေရုံနဲ့ ဘာမှမထူးပါ။
ဘယ်သူမှလည်းမလေးစားဘူး။
ဘယ်သူမှလည်းမကြောက်ကြဘူး။
ဘယ်သူမှလည်းမလိုက်နာကြတာ
သိပ်ရှက်စရာကောင်းလွန်းတာပါ!!!
အချက် ၅ ချက်က နည်းလွန်းပါတယ်…
မိန်းမကိစ္စ ၊
မူးယစ်ဆေးဝါးကိစ္စ ၊
လူမှုကွန်ယက်ကိစ္စ၊
မော်တော်ယဉ်မောင်းတဲ့ကိစ္စ ၊
ဘုရားတွေပြင်တဲ့ကိစ္စ…တင်မကသေး ၊
အလှူငွေတွေဖောင်းပွနေတဲ့ကိစ္စ ၊
စီးပွါးရေးတွေမှာ မြုပ်နှံထားကြတဲ့ကိစ္စ ၊
ပြည်ပသာသနာပြုခေါင်းစဉ်တပ်ကိစ္စ ၊
ပြည်ပထွက်ဖို့ ခေါ်စာငွေပေးနေရတဲ့ကိစ္စ ၊
ဘွဲ့တုတွေငွေပေးဝယ်ယူနေတဲ့ကိစ္စ ၊
ပရဟိတ မိဘမဲ့ ကျောင်းတွေကိစ္စ ၊
ကျောင်းမြေလက်မှတ်တခါထိုးဖို့ ငွေပေးရတဲ့ကိစ္စ ၊
ဘောလုံးကွင်းထဲ သင်္ကန်းဝတ်တွေကန်တဲ့ကိစ္စ ၊
ဒီကိစ္စတွေရောထွေးပြီး သာသနာရပ်ဝန်းထဲဖြစ်
ချင်တိုင်းဖြစ်နေကြတဲ့ အခြေအနေဆိုးမှာ …
စာချည်းပဲထိုင်ထုတ် အမိန့်ပဲထိုင်
ထုတ်နေကြလို့ ဖြစ်ပါအုံးတော့မလား!!
နင့်ကိစ္စက သူ့ကိစ္စ
သူ့ကိစ္စက နင့်ကိစ္စ
ငါ့ကိစ္စက နင့်ကိစ္စ
နင့်ကိစ္စက ငါ့ကိစ္စ
သူ့ကိစ္စက သူ့ကိစ္စ ဆိုသလို
တိုင်ပတ် နေတဲ့ အမိန့်တွေ နဲ့
လုပ်လိုက်ရတဲ့ အစည်းအဝေးတွေ
ထိထိမိမိအရေးမယူသ၍တော့…….
ခန်းမ မီတာဖိုး ကုန်တာသာ အဖတ်တင်ပါမယ် !!
အမိန့်စာ မိတ္ထူဖိုး ကုန်တာသာ အဖတ်တင်ပါမယ်!!
သန့်တော်မူပါသာသနာ …
မအေးပု။


Leave a Reply