ကုမ္ပဏီဝန်ထမ်းတို့၏ နံနက်စာ အိမ်တွင်းဖြစ် ထမင်းကိုသာ အားပြုနေကြဟုဆို
အီကြာကွေးတစ်ချောင်း ၁၀၀၀ ခေတ်တွင် ကုမ္ပဏီဝန်ထမ်းအများစု၏ နံနက်စာမှာ အိမ်တွင်းဖြစ် ထမင်းသာလျှင် ဖြစ်ကြောင်း သိရသည်။
လစာ ကျပ် ၁၀ သိန်းကျော်မှ သိန်း ၂၀ ကျော် ရရှိသော ရန်ကုန်အခြေစိုက် ကုမ္ပဏီဝန်ထမ်း ၈ ဦးတို့ကို မေးမြန်းခဲ့ရာ ၎င်းတို့က အထက်ပါအတိုင်း ပြောကြသည်။
“ကျနော့်လစာက သိန်းအစိတ်ကျော်ပါတယ်။ လင်မယား ၂ ယောက်ပဲ ရှိတယ်။ မိဘတွေကို လစဉ် နည်းနည်း ကန်တော့တယ်။ အိမ်ငှားရတယ်။ ပုံမှန် ကျနော်တို့ လင်မယားရဲ့ မနက်စာက အိမ်မှာလုပ်တဲ့ ဟုမ်းမိတ်ပါပဲ။
ထမင်းကြော်တယ်။ ထမင်းနဲ့ ပဲပြုတ်နဲ့စားတယ်။ ထမင်းနဲ့ဟင်းနဲ့စားတယ်။ အပြင် ဆိုင်တွေမှာ သွားမစားနိုင်တာ တော်တော်ကြာပါပြီ”ဟု သာကေတမြို့နယ်နေ ကုန်စည်ပို့ဆောင်ရေး မန်နေဂျာတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းတွင် အလုပ်လုပ်ကိုင်နေသော အွန်လိုင်းအခြေပြုဝန်ထမ်းတစ်ဦးကလည်း နံနက်စာ အတွက် ထမင်းဟင်းပိုထည့်လာကာ ကုမ္ပဏီမှာပင် ဝိုင်းဖွဲ့စားကြကြောင်း ဆိုသည်။
“ကျနော်တို့ဝန်ထမ်း၉ယောက်ရှိတယ်။ လစာ ၁၀သိန်းကျော်ရကြတယ်။ ဘယ်သူမှ လမ်းဘေး အသုတ်ဆိုင်မှာတောင် အသုတ်မစားနိုင်ဘူး။မနက်စာကို ထမင်းဟင်းပဲ စားတယ်။ ပြီးရင် လက်ဖက်ရည်၊ ကော်ဖီကြိုက်တဲ့သူတွေက အထုပ်ဆောင်ထားပြီး သောက်တယ်”ဟု ၎င်းက ပြောသည်။
ကော်ဖီသမားများက ကျပ် ၁၅၀၀၀ ဝန်းကျင်သာ ကျသင့်သည့် အထုပ် ၃၀ ပါ ကော်ဖီမစ်ထုပ်များ ဝယ်ထား လေ့ရှိပြီး လက်ဖက်ရည်ကြိုက်သူများက လက်ဖက်ရည်ထုပ်များ ဝယ်ထားကာ ရုံး၌ သောက်လေ့ရှိ ကြောင်း သိရသည်။

ယခုအခါ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ရန်ကုန်မြို့တွင်းရှိ လမ်းဘေးဆိုင်များကို ပိတ်ထားခဲ့ရာ မှောင်ခိုဈေးကွက်ဖြစ်ပေါ်လာပြီး အထမ်းနှင့်ရောင်းသော အကြော်မပါ အသုတ်တစ်ပွဲပင်လျှင် ကျပ်၂၀၀၀ မှ ၂၅၀၀ သို့ ဈေးတက်သွားကြောင်း သိရသည်။
“ကျမတို့မိသားစုဆို တစ်ပတ်တစ်ခါ ရုံးပိတ်ရက် မုန့်ဟင်းခါးစားတယ်။ ၂ ယောက်ကို တစ်ပွဲ၊ ထမင်းနဲ့ ရောစားပေါ့။ ရပ်ကွက်ထဲက မုန့်ဟင်းခါးတောင် ၂၅၀၀ ပေးနေရတယ်လေ။
ရုံးဖွင့်ရက်ကတော့ မနက်စာ အိမ်ကနေ စားသွားကြတာပဲ။ ဆိုင်ထိုင်တဲ့ခေတ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြီးသွားပြီ”ဟု တောင်ဥက္ကလာပမြို့နယ်နေ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးက ပြောသည်။
၎င်း၏ ခင်ပွန်းသည်လည်း ကိုယ်ပိုက်ဆံနှင့်ကိုယ် စားသောက်ဆိုင် မထိုင်နိုင်တော့သဖြင့် အိမ်တွင်းဖြစ် အမြည်းဖြင့် အိမ်မှာပင် သောက်စားနေသည်မှာ ကြာပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။


Leave a Reply