ကွန်ဂိုတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ဆိုးရွားစွာ မြင့်တက်လာပြီး သေဆုံးသူ ၂,၁၀၀ ကျော်လွန်
မိနစ် ၃၀ တွင်လူတစ်ဦးနူန်း သေဆုံးလျက် ရှိနေဟုဆို
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းတွင် စိုးရိမ်ဖွယ်ရာ ဖြစ်ပွားနေသော အီဘိုလာ (Ebola) ကပ်ရောဂါကြောင့် လက်ရှိတွင် မိနစ် ၃၀ တိုင်း၌ လူတစ်ဦးနှုန်း သေဆုံးလျက်ရှိကြောင်း သိရှိရသည်။

ဤဖြစ်စဉ်သည် သမိုင်းတစ်လျှောက် ရောဂါကူးစက် ပြန့်ပွားမှုနှုန်း အမြန်ဆုံးအခြေအနေများထဲမှ တစ်ခု ဖြစ်လာနေသည်ဟု ဆိုသည်။
အဆိုပါ ရောဂါဖြစ်ပွားမှုသည် DRC ၏ ပြည်နယ် ၆ ခုအထိ ပျံ့နှံ့ ရောက်ရှိသွားပြီဖြစ်ကာ ကမ္ဘာ့သမိုင်းတွင် ဒုတိယအကြီးမားဆုံး အီဘိုလာ ကပ်ရောဂါ ဖြစ်စဉ်အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။
လက်ရှိ ကူးစက်မှု အရှိန်အဟုန်အတိုင်း ဆက်လက်ရှိနေပါက ၂၀၁၄-၂၀၁၆ ခုနှစ်က အနောက်အာဖရိကတွင် ဖြစ်ပွားခဲ့သည့် ကပ်ရောဂါထက်ပင် ကျော်လွန်သွားနိုင်ကြောင်း ပညာရှင်များက ပူပန်လျက်ရှိသည်။

ကူးစက်မှုနှင့် သေဆုံးမှု ပမာဏ: လက်ရှိအချိန်အထိ အီဘိုလာရောဂါကြောင့် လူပေါင်း ၂,၁၀၀ ကျော် သေဆုံးခဲ့ပြီး ရောဂါကူးစက်ခံရသူများ၏ ၄၇ ရာခိုင်နှုန်းခန့်အထိ သေဆုံးမှုနှုန်း မြင့်မားနေပြီး
ကျန်းမာရေး ဝန်ထမ်းများမှာ ဒေသခံလူထု၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ သတင်းမှားများ ပျံ့နှံ့နေခြင်းတို့အပြင် လစာမရရှိသဖြင့် ဝန်ထမ်းများ သပိတ်မှောက်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

၎င်းအပြင် ဒေသတွင်း သူပုန်အုပ်စုများ၏ ခြိမ်းခြောက်မှုများနှင့် တိုက်ခိုက်မှုများကြောင့် ရောဂါထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်နိုင်ရန် လွန်စွာ အခက်အခဲ ကြုံတွေ့နေရကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။



Leave a Reply