မြောင်မြို့မရဲစခန်းအနီး အလှပြင်ဆိုင်တွင် ခေါင်းလျှော်နေသည့် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး “စနိုက်ပါဇော်ကြီး” ပစ်ခတ်ခံရပြီး သေဆုံး
စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ မြို့မရဲစခန်းအနီး အလှပြင်ဆိုင်တစ်ခုတွင် ခေါင်းလျှော်နေသည့် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး “စနိုက်ပါဇော်ကြီး” ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း Myaung Ogre Column (MOC) မှ တာဝန်ရှိသူက ပြောသည်။
ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြောင်မြို့မရဲစခန်းနှင့် မီတာ ၁၀၀ ခန့်အကွာရှိ အလှပြင်ဆိုင်တစ်ခု၌ ခေါင်းလျှော်နေသည့် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး “စနိုက်ပါဇော်ကြီး” ကို Myaung Ogre Column (MOC) မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုအတွင်း “စနိုက်ပါဇော်ကြီး” သည် နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်းအသုံးပြုသည့် ဆိုင်ကယ်၊ ဖုန်းနှင့် အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း MOC တာဝန်ရှိသူက ဆိုသည်။
“စနိုက်ပါအမြဲကိုင်တတ်တဲ့ စစ်ကြောင်းမှူးလို့ပဲ သိရပါတယ်။ နာမည် စနိုက်ပါဇော်ကြီးလို့ အများက ခေါ်ပါတယ်။ လက်နက်တော့ မရလိုက်ဘူး။ သူက ခေါင်းလျှော်လာတာဆိုတော့။ သူတို့စခန်းနဲ့ကလည်း မီတာ ၁၀၀ လောက်ပဲ ဝေးတာ၊ ကျွန်တော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းကင်း ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု MOC တာဝန်ရှိသူက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြောင်မြို့မရဲစခန်းမှ စစ်ကောင်စီတပ်သား အင်အားအများအပြား ထွက်လာကာ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို ရဲစခန်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။
ထို့အပြင် အဆိုပါအလှပြင်ဆိုင်မှ မိသားစုဝင်များကိုလည်း စစ်ကောင်စီတပ်သားများက မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း MOC ထံမှ သိရသည်။
Myaung Ogre Column မှ တာဝန်ရှိသူက ပြည်သူများအနေဖြင့် တော်လှန်ရေးအပေါ် သွေးမအေးဘဲ တတ်နိုင်သည့်ဘက်မှ ဆက်လက်ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောဆိုထားသည်။


Leave a Reply