ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်အပြစ်ကိုယ်ဝန်ခံထားတယ်လို့ စစ်လော်ဘီကျော်မျိုးမင်းပြော
ဒေါ်အောင်ဆန်းစုကြည်သည် သူမအပေါ် မတရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ ကိုယ့်အပြစ်ကိုယ်ဝန်ခံထားသည်ဟု စစ်လော်ဘီ ကျော်မျိုးမင်းက ဩဂုတ် ၁၅ ရက်တွင် သူ၏ NP News သတင်းရုပ်သံမှ တဆင့် ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် အမှုများအနက် ရွေးကောက်ပွဲမဲမသမာမှု၊ အဂတိလိုက်စားမှု၊ မှားယွင်းသော စီမံခန့်ခွဲမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ အစရှိသည့် အမှုများဖြင့် တရားဥပဒေအရ ပြစ်မှုထင်ရှား၍ ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း ကျော်မျိုးမင်းက ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် မိမိအပေါ် စွဲဆိုထားသည့်အမှုများကို တရားရုံးတွင် ခုခံချေပခဲ့ပြီး ထိုသို့ချေပရာမှ ဥပဒေနှင့်ငြိစွန်းသည့် အချက်များရှိသောကြောင့် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“သူပြစ်ဒဏ်စီမံခံထားရတဲ့ ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း လက်ခံလို့ တရားရုံးမှာကိုယ်တိုင်ထွက်ဆိုပြီး တော့ နိုင်ငံတော်ကပေးတဲ့အပြစ်ကို ရဲရဲဝံ့ဝံ့ခံယူနေတာလည်း ခင်ဗျားတို့မြင်နေရတယ်။
အဲ့တော့ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်ဘက်က တရားစွဲတာကို သူ့ဘက်ကမှန်ကန်တယ်လို့ သူယုံကြည်တာကို ခုခံချေပတယ်။ ချေပရင်းနဲ့မှ သူ့ဘက်က ဥပဒေနဲ့ညိစွန်းတာတွေရှိလို့ သူထောင်ကျတယ်၊ ဒါပဲ” ဟု ကျော်မျိုးမင်းက ပြောသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် မိမိအပေါ် စွဲဆိုထားသည့်အမှုများကို ဝန်ခံခဲ့သည်ဟူသော ကျော်မျိုးမင်း၏ ပြောဆိုချက်နှင့် တရားရုံးတွင် အမှုများကို ခုခံချေပခဲ့သည်ဟူသော ၎င်း၏ နောက်ပိုင်းပြောဆိုချက်တို့အကြား အဓိပ္ပာယ်ကွာခြားမှုရှိနေပြီး တရားရုံးတွင် ထွက်ဆိုခြင်းနှင့် အပြစ်ရှိကြောင်း ဝန်ခံခြင်းသည် တူညီသည့်အရာမဟုတ်ကြောင်း ဝေဖန်ထောက်ပြသူများလည်း ရှိသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုများစွာဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ်အထိ အဆင့်ဆင့် ပြစ်ဒဏ်လျှော့ပေါ့မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က ယင်းလုပ်ဆောင်ချက်များကို “သက်ညှာမှု” အဖြစ် ဖော်ပြလေ့ရှိသည်။
ထိုအခြေအနေအပေါ် ကျော်မျိုးမင်းက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါတို့ဘာတို့ ပြောရင် လုပ်ချင်တိုင်းလုပ်လို့မရဘူးလေ။ ဥပဒေအရ သူ့ကို အပြစ်ပေးထားပြီးဖြစ်တယ်။ နိုင်ငံတော်က သက်ညှာမှုတွေ အများကြီး ပေးထားခဲ့ပြီးပြီ” ဟုလည်း ဆက်လက်ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုခဲ့သည့် အမှုများနှင့် တရားခွင်လုပ်ငန်းစဉ်များအပေါ် တရားမျှတမှုရှိမရှိနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုများ ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုများနှင့်ပတ်သက်၍ Human Rights Watch က မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် စစ်ကောင်စီလက်အောက်တွင် လွတ်လပ်သည့် တရားစီရင်ရေးနှင့် နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ စံနှုန်းများကို မလိုက်နာကြောင်း၊ နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်သည့် ရှေ့နေများလည်း ဖိအားပေးခံရကြောင်း ဖော်ပြထားသည်။


Leave a Reply